နေပြည်တော် ၇ စက်တင်ဘာ 


မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ဗဟိုသင်တန်း ကျောင်း(သုဝဏ္ဏ)၌ ကျင်းပသည်။

အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)သည် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအဆင့်များကို အဆင့်(၄)ဆင့် ခွဲခြားသတ်မှတ်၍ ကျွမ်းကျင်မှုအဆင့်(၁)နှင့် အဆင့်(၂) တို့ကို စစ်ဆေးအကဲဖြတ်လျက်ရှိကြောင်း၊ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိ အမှတ်ပြုလက်မှတ်ရရှိပြီးသူ လုပ်သားများအနေဖြင့် မိမိတို့ အသိအမှတ်ပြုခံရသည့် ကျွမ်းကျင်မှုအဆင့်အရ စံချိန်စံညွှန်းနှင့်အညီ ကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ပေးနိုင်ရေးကို အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အလုပ်ရှင်များကလည်း ကျွမ်းကျင်လုပ်သားများ၏ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုချီးမြှင့်ပေးရန် လိုအပ်ကြောင်း၊ လုပ်သားဈေးကွက် လိုအပ်ချက်နှင့် သွင်းအားစုအကြားတွင် ကွာဟမှုမများရန်၊ ကျွမ်းကျင်လုပ်သား လိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရန်၊ ကျွမ်းကျင်မှုသင်တန်းများနှင့် Upskill, Reskill လေ့ကျင့်သင်ကြားရန် လိုအပ်ကြောင်း ပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က အမှာစကား ပြောကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၁၉ ခုနှစ် ဧပြီလအတွင်း ရန်ကုန်တိုင်းဒေသကြီးနှင့် အောက်မြန်မာပြည်ရှိ NSSA ၏ စစ်ဆေးအကဲဖြတ်ရေးဌာနများတွင် စစ်ဆေးခဲ့သည့် အလုပ်အကိုင် ၁၄ မျိုးမှ အရည်အချင်းပြည့်မီသည့် လုပ်သား ၁၀၄၄ ဦးကို အမျိုးသားအဆင့်ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ပေးအပ်ခြင်းနှင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးဌာန ၆ ခုနှင့် စစ်ဆေးအကဲဖြတ်သူ ၁၈ ဦးတို့ကို အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ကြပြီး လုပ်သားများကိုယ်စား လုပ်သားတစ်ဦးနှင့် အလုပ်ရှင်များကိုယ်စား ကိုယ်စားလှယ်တစ်ဦးတို့က ကျေးဇူးတင်စကား ပြောကြားကြသည်။


NSSA လုပ်ငန်းစတင်ခဲ့သည့် ၂၀၁၄ ခုနှစ်မှစပြီး ကျွမ်းကျင်မှုအလိုက် စစ်ဆေးအကဲဖြတ်ပေးခဲ့ရာ ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဩဂုတ်လအထိ မြန်မာနိုင်ငံတစ်ဝန်း အလုပ်အကိုင် ၂၃ မျိုးမှ အမျိုးသားကျွမ်းကျင်မှု အဆင့်(၁)နှင့် (၂)အတွက် အမျိုးသား ၉၃၈၇ ဦး၊ အမျိုးသမီး ၃၇၅၉ ဦး စုစုပေါင်း ၁၃၁၄၆ ဦးကို အရည်အချင်း ပြည့်မီကြောင်း စစ်ဆေးအကဲဖြတ်ပေးနိုင်ခဲ့သည်။ 


သတင်းစဉ်

 

1