မန္တလေး ၄ ဩဂုတ်


မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA)၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲကို မန္တလေးမြို့ ကနောင်ခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။


အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ NSSA အနေဖြင့် အမျိုးသားကျွမ်းကျင်မှုအဆင့်များကို အဆင့် (၄) ဆင့်ခွဲခြားသတ်မှတ်ကာ ကျွမ်းကျင်မှုအဆင့်(၁)နှင့် အဆင့်(၂)တို့ကို စစ်ဆေးအကဲဖြတ်လျက်ရှိကြောင်း၊ ကျွမ်းကျင်မှုအဆင့် (၃)နှင့် အဆင့်(၄)ကို ဆက်လက်စစ်ဆေးအကဲ ဖြတ်နိုင်ရန် စီစဉ်ဆောင်ရွက်နေပါကြောင်း၊ NSSA သည် လုပ်ငန်းခွင် စည်းကမ်းကောင်း မွန်ပြီး စွမ်းဆောင်ရည် ထက်မြက်သည့် ကျွမ်းကျင်လုပ်သားများ စဉ်ဆက်မပြတ်ပေါ်ထွန်း လာရေး၊ ခေတ်မီနိုင်ငံတော် တည်ဆောက်ရေးအတွက် အခြေခံလိုအပ်ချက် ဖြစ်သော အရည်အချင်းပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒ များ ချမှတ်ကာ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ (Public, Private, Partnership) ပူးပေါင်း အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အနာဂတ် အလုပ်အကိုင် ပြောင်းလဲမှု နှင့်အတူ အလုပ်သမားများအတွက် နည်းပညာနှင့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ လေ့ကျင့်မှုများနှင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်မှုများအတွက် မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း။


NSSA သည် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေး လုပ်ငန်းစဉ်ကို အရည်အသွေး အာမခံချက်ရရှိရေးအတွက် ISO 9001:2015 လက်မှတ်ကို ရယူခဲ့ပါကြောင်း၊ အာဆီယံ နိုင်ငံများအတွင်း ကျွမ်းကျင်မှုစွမ်းရည် အပြန်အလှန် အသိအမှတ်ပြုနိုင်ရေး (Mutual Recognition of Skill) ကို ILO အကူအညီဖြင့် ဆောင်ရွက်နေကြောင်း၊ ကမ္ဘာ့ဈေးကွက် တွင် Industrial 4.0 အတွက် ပြင်ဆင်နေပြီး နည်းပညာပြောင်းလဲမှု နှင့်အတူ Green Skill အပါအဝင် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးကိုပါ ပြောင်းလဲရန်လိုအပ်၍ အမျိုးသားအဆင့် လုပ်ငန်းစဉ်တွင် နယ်ပယ်အလွှာ အသီးသီးမှ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။


ထို့နောက် ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း မန္တလေးတိုင်းဒေသကြီးနှင့် အထက်မြန်မာပြည်ရှိ NSSA ၏ စစ်ဆေးအကဲဖြတ်ရေးဌာနများ တွင် အလုပ်အကိုင် (၈)မျိုး၌ စစ်ဆေးအကဲဖြတ်အောင်မြင်ခဲ့သည့် အမျိုးသားကျွမ်းကျင်မှု အဆင့်(၁)နှင့် အဆင့်(၂) ကျွမ်းကျင်လုပ်သား အမျိုးသား ၃၇၃ ဦးနှင့် အမျိုးသမီး ၃၁ ဦး စုစုပေါင်း (၄၀၄)ဦးအား အမျိုးသားအဆင့် ကျွမ်းကျင်လုပ်သား အသိအမှတ်ပြုလက်မှတ် များကို လည်းကောင်း၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေး ဌာန ၁ ခုနှင့် စစ်ဆေးရေးမှူး(၄) ဦးကို NSSA ၏ အသိအမှတ်ပြုလက်မှတ်များကို လည်းကောင်း ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပေးအပ်ကြသည်။


 မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ”  သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့သည် တစ်နိုင်ငံလုံး၌ အလုပ်အကိုင် ၂၃ မျိုးအတွက် ကျွမ်းကျင်လုပ်သား အမျိုးသား ၉၀၃၄ ဦးနှင့် အမျိုးသမီး ၃၄၈၇ ဦး စုစုပေါင်း ၁၂၅၂၁ ဦးကို အမျိုးသားကျွမ်းကျင်မှု အဆင့်(၁)နှင့် အဆင့်(၂) ကျွမ်းကျင်လုပ်သားများအဖြစ် အသိအမှတ်ပြု လက်မှတ်များ ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။


အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေး ကော်မတီမှ တာဝန်ရှိသူများ၊ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာနများနှင့် ပုဂ္ဂလိက သင်တန်းကျောင်းများမှ ကိုယ်စားလှယ်များ၊ အလုပ်ရှင်/ အလုပ်သမား အဖွဲ့အစည်းများ၊ GIZ, Swisscontact နှင့် ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၊ အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ရ လုပ်သားများ တက်ရောက်ကြသည်။ 


(သတင်းစဉ်)