နေပြည်တော် ၁၁ မတ်
အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဒုတိယအကြိမ် ပြင်ဆင်သတ်မှတ်သည့် အနည်းဆုံးအခကြေးငွေနှုန်းထားကို ဥပဒေနှင့်အညီ လိုအပ်ချက်အရ ပြင်ဆင်သတ်မှတ်နိုင်ရန် ပြန်လည်သုံးသပ်ခြင်း၊ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီဝင်များ၏ လုပ်ဆောင်ချက်များကို တင်ပြဆွေးနွေးနိုင်ရန် အစည်းအဝေး ကျင်းပခြင်းဖြစ်ကြောင်း၊ အနည်းဆုံးအခကြေးငွေ ပြင်ဆင်သတ်မှတ်နိုင်ရေး ပြန်လည်သုံးသပ်ရာတွင် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေအရပ်ရပ်ကို ထည့်သွင်းစဉ်းစားကြရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မတီအလိုက် အနည်းဆုံး အခကြေးငွေ ပြင်ဆင်သတ်မှတ်နိုင်ရေး စာရင်းစစ်တမ်းကောက်ယူခြင်း၊ အလုပ်သမားများက တင်ပြသည့် နှုန်းထားအပေါ် အလုပ်ရှင်များက ပေးနိုင်သည့် နှုန်းထားကို မှန်ကန်မျှတစွာ လေ့လာဆန်းစစ်ပြီး သတ်မှတ်သင့်သည့်နှုန်းထားနှင့် ပုံစံများကို အမျိုးသားကော်မတီသို့ တင်ပြချက်အချို့ရှိပါကြောင်း။
ကော်မတီဝင်များအနေဖြင့် မိမိနယ်မြေအလိုက် အလုပ်ရှင်၊ အလုပ်သမားများနှင့် တွေ့ဆုံပြီး ဆောင်ရွက်ချက်များကို တင်ပြရန်လိုအပ်ကြောင်း၊ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီဝင်များ၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ် ကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များအနေဖြင့် အနည်းဆုံးအခကြေး ငွေနှုန်းထားကို ပြင်ဆင်သတ်မှတ်ရာတွင် လက်ရှိဖြစ်ပေါ်နေသည့် ကမ္ဘာ့စီးပွားရေး အခြေအနေများကို ထည့်သွင်းစဉ်းစား၍ မြန်မာနိုင်ငံ၏ လက်ရှိပကတိအခြေအနေနှင့် ကိုက်ညီမည့် အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးနှစ်ဖက် အဆင်ပြေချောမွေ့စေမည့် အနည်းဆုံးအခကြေးငွေ တစ်ရပ်သတ်မှတ်နိုင်ရန် ဆောင်ရွက်ချက်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပြီး အဆိုပြုနှုန်းထားကို တင်ပြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက အနည်းဆုံးအခကြေး ငွေနှုန်းထားကို ပြင်ဆင်သတ်မှတ်ရန် အဆိုပြုနှုန်းထားများနှင့် လုပ်ငန်းဆောင်ရွက်မှုများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးသည်။
သတင်းစဉ်