နေပြည်တော်  ၂၁   အောက်တိုဘာ 

အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)၏ နှစ်တစ်ရာပြည့် အထိမ်းအမှတ် အခမ်းအနားကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ တို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ရှိ Melia Hotel ၌ ကျင်းပသည်။

 

ေ

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဉီးသိန်းဆွေက ၁၉၁၉ ခုနှစ်တွင် စတင် ထူထောင်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့အနေဖြင့် ယခုနှစ်တွင် နှစ်တစ်ရာ ပြည့်မြောက်ပြီဖြစ်ကြောင်း။


ILO အဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် ရာပြည့်နှစ်ကို ဂုဏ်ပြုသည့်အနေဖြင့် ILO ဆောင်ပုဒ်ဖြစ်သည့် “ILO ရာပြည့်မှစသင့်လျော် ကောင်းမွန်သော အလုပ်အကိုင်တိုးမြင့်ရေးနှင့် လူမှုတရားမျှတရေး မြှင့်တင်ဆောင်ရွက် ကြ” ခေါင်းစဉ်ဖြင့် ဆောင်းပါးပြိုင်ပွဲကို ကျင်းပခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်  ILO ရာပြည့်ကာလကို ဂုဏ်ပြုသည့်အနေဖြင့် ILO အခြေခံပြဌာန်း ချက်တစ်ခုဖြစ်သည့် အငယ်ဆုံး အသက်ဆိုင်ရာ ပြဌာန်းချက်အမှတ် ၁၃၈ ကို လက်ခံကျင့်သုံးနိုင်ရေး လိုအပ်သည့် လုပ်ငန်း စဉ်များကို ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ထို့အပြင် အာဆီယံဒေသတွင်း၌ ILO ရာပြည့်နှစ်ကို ဂုဏ်ပြုသည့်အနေဖြင့် ASEAN အလုပ်သမားဝန်ကြီးများညီလာခံကို ဧပြီ ၂၉ ရက်မှ ၃၀ ရက် အထိ စင်ကာပူနိုင်ငံတွင်ကျင်းပခဲ့ပြီး အနာဂတ်အလုပ်အကိုင်ဆိုင်ရာ ထုတ်ပြန်ကြေညာချက် ကို မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးခဲ့ပါကြောင်း။

ယခုရာပြည့်အခမ်းအနားအပြီးတွင် အမျိုးသားအဆင့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ သုံးပွင့်ဆိုင်ကိုယ်စားလှယ်များနှင့် ဆက်လက်ကျင်းပသွား မည်ဖြစ်ပြီး Decent Work Country Programme (2018-2021)ကို အကောင်အထည်ဖော် ဆောင်ရွက်မှု၊ အဓမ္မခိုင်းစေမှုပပျောက်ရေးစီမံချက်များ အလေးထားလုပ်ဆောင်နေမှု၊ အလုပ် သမားရေးရာဥပဒေများ ပြင်ဆင်ပြောင်းလဲမှုတို့ကို ဆွေးနွေးသွားမည်ဖြစ်၍ ရာပြည့်ကာလ အဖြစ် ရလဒ်ကောင်းများရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက် ILO ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Greg Vines ၊ အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စားလှယ်များက အမှာစကားပြောကြားကြပြီး ရာပြည့်အထိမ်းအမှတ် ဗီဒီယိုပြသခြင်း၊ အနာဂတ်အလုပ်အကိုင်ဆိုင်ရာ ILO ရာပြည့်ကြေငြာချက်ကို ရှင်းလင်းတင်ပြ ခြင်းနှင့် အဖွဲ့လိုက်ဆွေးနွေးပွဲများကျင်းပခြင်း၊ ရာပြည့်အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲ ဆုရရှိသူများနှင့် အကဲဖြတ်ဒိုင်များကို ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရာပြည့်အထိမ်းအမှတ် ဓာတ်ပုံပြခန်းကို ကြည့်ရှုအားပေးသည်။

မွန်းလွဲပိုင်းတွင် အမျိုးသားအဆင့် သုံးပွင့်ဆိုင်ညှိနှိုင်းဆွေးနွေးပွဲကို ဆက်လက် ကျင်းပရာ မြန်မာနိုင်ငံမှစတင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်ဌာနေ အစီအစဉ်ကို ရှင်းလင်းဆွေးနွေးခြင်း၊ မြန်မာနိုင်ငံအစိုးရမှ တာဝန်ယူဆောင်ရွက်နေသည့် အဓမ္မခိုင်းစေမှုပပျောက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်၊ တိုင်ကြားမှုယန္တရားထူထောင်ရေး ဆောင်ရွက်နေမှု၊ ကြားကာလယန္တရားဖြင့် တိုင်ကြားမှုများ လက်ခံဖြေရှင်းဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ သုံးပွင့်ဆိုင်ညှိနှိုင်းဆွေးနွေးပွဲကို အောက်တိုဘာ ၂၂ ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ်ပြီး အလုပ်သမားရေးရာဥပဒေ ပြုပြင်ပြောင်းလဲမှုနှင့်စပ်လျဉ်း၍ ဆောင်ရွက် ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးသွားမည်ဖြစ်သည်။

(သတင်းစဉ်)