နေပြည်တော် ၁၉ ဩဂုတ်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေသည် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) မှ ဆက်သွယ်ရေးအရာရှိ Mr. Donglin Li နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ကလေးအလုပ်သမားဆိုင်ရာကိစ္စ ၊ အဓမ္မခိုင်းစေမှုပပျောက်ရေးဆိုင်ရာ ကိစ္စ ၊ အလုပ်သမားအခွင့်အရေးဆိုင်ရာကိစ္စ ၊ အလုပ်သမားဥပဒေဆိုင်ရာကိစ္စ နှင့် ပတ်သက် ၍ ဖြစ်ပေါ်တိုးတက်မှု ၊ မြန်မာနိုင်ငံအနေဖြင့် ILO ၏ကွန်ဗန်းရှင်းအမှတ် ၁၃၈ အား လက်မှတ်ရေးထိုးနိုင်ရေးအတွက် အခြားသောဝန်ကြီးဌာနများ၏ သဘောထား မှတ်ချက် များရယူ၍ စတင်ဆောင်ရွက်လျက်ရှိရာ အမြန်ဆုံးအတည်ပြုနိုင်ရေးကိစ္စ၊ အဓမ္မခိုင်းစေမှု ပပျောက်ရေး ဆိုင်ရာကိစ္စ နှင့်ပတ်သက်၍ ဥပဒေပညာပေးသင်တန်းများ ဖွင့်လှစ်ခြင်းနှင့် အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခြင်း ၊ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ (High Level Working Group - HLWG) တွင် အသေးစိတ်ဆက်လက် ဆောင်ရွက်သွားမည့်အစီအမံများ၊ ILO နှင့် ပိုမိုနီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည့်အခြေအနေများနှင့် စပ်လျဉ်း၍ နှစ်ဖက်အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ အမြင်ခြင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
(သတင်းစဉ်)


