နေပြည်တော်၊ ၁၈ ဇန်နဝါရီ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာန၏ အရာထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးနည်းပြ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန တိုင်းဒေသကြီး/ ပြည်နယ်များမှ သင်တန်းသူ/ သင်တန်းသား အရာထမ်းများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနက အရာထမ်းများအား ဦးစီးဌာနက စည်းကြပ်နေသည့် ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက်ဥပဒေ၊ ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေနှင့် နည်းဥပဒေ၊ ၂၀၁၆ ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေနှင့် နည်းဥပဒေ၊ ၂၀၁၆ ခုနှစ် အခကြေးငွေပေးချေရေး ဥပဒေများ၏ ဥပဒေပါ ပြဋ္ဌာန်းချက်များကို ပိုမိုသိရှိ နားလည်စေရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေ ရေးဆွဲထားမှု၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း စက်ရုံ၊ အလုပ်ရုံများ၊ ဆိုင်/အလုပ်ဌာနများကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် လက်တွေ့ တွေ့ကြုံရသည့် အခြေအနေများ၊ စစ်ဆေးရေးအရာရှိ ကျင့်ဝတ်များ၊ ရုံးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်တတ်စေရန်၊ စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်/အလုပ်ဌာနများရှိ အလုပ်ရှင်၊ အလုပ်သမားများကို ထပ်ဆင့် အသိပညာပေး ဆွေးနွေးပွဲများ ပြုလုပ်နိုင်စေရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း။
အလုပ်သမားဥပဒေ၊ နည်းဥပဒေများနှင့်အညီ စည်းကြပ်ဆောင်ရွက်ရေး၊ အလုပ်သမား ဥပဒေပါ အကျိုးခံစားခွင့်များ ရရှိစေရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုပ်ငန်းခွင် မတော်တဆ ထိခိုက်မှုနှင့် လုပ်ငန်းခွင် ရောဂါရရှိခံစားမှု လျော့နည်းကျဆင်းရေးတို့အတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများအရ စည်းကြပ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင် အေးချမ်းသာယာပြီး ကုန်ထုတ်စွမ်းအား တိုးတက်မြင့်မားစေရေးအတွက် အလုပ်ရှင်နှင့် အလုပ်သမားများအပေါ် ဥပဒေအရလည်းကောင်း၊ ခေတ်မီ ဖွံ့ဖြိုးတိုးတက်လာသည့် နည်းပညာများအရလည်းကောင်း ကုန်ထုတ်လုပ်မှုနှင့် လုပ်ငန်းခွင်ဆက်ဆံရေးကို ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုပေးနိုင်ရေး အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
ထို့ပြင် အလုပ်သမားများ၏ ရသင့်ရထိုက်သည့် အခွင့်အရေးများကို ဥပဒေနှင့်အညီ အပြည့်အဝ ခံစားနိုင်စေရန်အတွက် အလုပ်သမားများကို အသိပညာ မြှင့်တင်ဆောင်ရွက်ခြင်းသည် အရေးပါသည့် လုပ်ငန်းစဉ် တစ်ရပ်ဖြစ်ပြီး ထိရောက်သည့် အသိပညာပေး ဆွေးနွေးမှုများ ဖြစ်စေရေးအတွက် အရာထမ်းများကို ယခုကဲ့သို့ ကနဦးလုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်သည့် TOT (Training of Trainers) သင်တန်းများ ပေးခြင်းဖြစ်ကြောင်း၊ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်သည့်သင်တန်းများ ပြုလုပ်ပေးခြင်းဖြင့် စစ်ဆေးရေးအရာရှိများ အနေဖြင့် လက်တွေ့မြေပြင်တွင် ကြုံတွေ့ရသည့် အလုပ်ရှင်၊ အလုပ်သမား ပြဿနာများကို ထိရောက်စွာ ဖြေရှင်းနိုင်ခြင်း၊ အသိပညာပေးဆွေးနွေးမှုများ ပြုလုပ်နိုင်သည့်အတွက် လုပ်ငန်းခွင်ဆိုင်ရာ ကိစ္စရပ်များ ဖြေရှင်းပေးရမှု လျော့နည်းလာခြင်း၊ လုပ်ငန်းခွင် မတော်တဆထိခိုက်မှုများ ကျဆင်းလာခြင်း စသည့်ကောင်းမွန်သည့် လုပ်ငန်းခွင်အခြေအနေများ ပေါ်ပေါက်လာမည်ဖြစ်ပါကြောင်း။
ကိုဗစ်-၁၉ အလွန် New Normal အခြေအနေအရ အလုပ်ရှင်နှင့် အလုပ်သမားများအတွက် အလုပ်သမားရေးရာ အသိပညာပေး ဆွေးနွေးပွဲများကိုလည်း Online မှတစ်ဆင့် ကျင်းပပြုလုပ် သွားမည်ဖြစ်၍ သက်ဆိုင်ရာနယ်မြေ အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် စစ်ဆေးရေး အရာရှိများအနေဖြင့် အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ စစ်ဆေးရေးအရာရှိများ အနေဖြင့် စစ်ဆေးရေးဆောင်ရွက်ခြင်း၊ အလုပ်သမားရေးရာကိစ္စများ ဖြေရှင်းဆောင်ရွက်ခြင်း၊ လုပ်ငန်းခွင် မတော်တဆ ထိခိုက်မှုများ စုံစမ်းစစ်ဆေးခြင်း၊ အလုပ်သမားရေးရာ အသိပညာပေး ဆွေးနွေးပွဲနှင့် သင်တန်းများ ပြုလုပ်ဆောင်ရွက်ခြင်းတို့တွင် အောင်မြင်မှုရရှိစေရန် ဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်တတ်မှု တာဝန်ယူမှု၊ တာဝန်သိမှုတို့အပြင် အရည်အချင်း ပြည့်ဝစွာဖြင့် စေတနာထား ဆောင်ရွက်ပေးစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
အဆိုပါသင်တန်းကို Online ဖြင့် ရက်သတ္တပတ် ၂ ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
သတင်းစဉ်


