နေပြည်တော် ၂၂ ဇန်နဝါရီ

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ပြင်သစ်နိုင်ငံ THALES ကုမ္ပဏီတို့ ပူးပေါင်းကျင်းပသည့် e-ID / e-passport အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ e-ID စနစ် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ e-ID စနစ် လုပ်ငန်းကော်မတီဝင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် လုပ်ငန်းကော်မတီဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး မစ္စတာ ခရစ္စတီယန် လရှရဗီနှင့် THALES ကုမ္ပဏီမှ တာဝန်ရှိသူများ၊ e-ID စနစ်လုပ်ငန်းကော်မတီအောက်ရှိ ဆပ်ကော်မတီများမှ အဖွဲ့ဝင်များနှင့် ဝန်ကြီးဌာနမှတာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစီအစဉ်အရ e-ID စနစ် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မြန်မာနိုင်ငံအတွင်း နေထိုင်သော ပြည်သူများအား Biometric Data ကောက်ယူ၍ UID နံပါတ်တစ်လုံးစီ သတ်မှတ်မှတ်ပုံတင်ကာ Database တွင် သိမ်းဆည်းမည့် e-ID စနစ်ကို မိမိတို့ဝန်ကြီးဌာနမှ တာဝန်ယူ၍ e-ID လုပ်ငန်းစနစ် ကော်မတီဖွဲ့စည်းကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ e-IDစနစ်သည် e-Government စနစ်၏ အခြေခံအကျဆုံးလုပ်ငန်းဖြစ်ပြီး လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်ပါကြောင်း၊ ၎င်းလုပ်ငန်းစဉ်အား ယခုအခါ မြန်မာနှင့် ဩစတြီးယား နှစ်နိုင်ငံအစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး e-ID စနစ် လုပ်ငန်းအကောင်အထည်ဖော်ရေးအတွက် မိမိတို့ဝန်ကြီးဌာနနှင့် ဩစတြီးယားနိုင်ငံ OeSD တို့အကြား လုပ်ငန်းသဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ e-ID စနစ်ကို (၂)နှစ်တာကာလအတွင်း အဆင့် (၃)ဆင့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် e-ID စနစ်နှင့်ပတ်သက်၍ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီအစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်လျက်ရှိပါကြောင်း။

 

ယခုလည်း နိုင်ငံတော်အစိုးရမှ မျှော်မှန်းထားသည့် ဒီဂျစ်တယ်စနစ်အား အချိန်တိုအတွင်း လျှင်မြန်စွာတိုးတက်နိုင်မှု (Digital S-curve) အတွက် အထောက်အကူဖြစ်စေမည့် နည်းလမ်းများနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ် ကျင်းပခြင်းဖြစ်ပါကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံသံရုံး၏ အကူအညီဖြင့် ပြင်သစ်နိုင်ငံ THALES ကုမ္ပဏီမှ ကျွမ်းကျင်ပညာရှင်များက e-ID စနစ်နှင့်ပတ်သက်၍ လာရောက်ရှင်းလင်း ဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ THALES ကုမ္ပဏီမှ Solution သည် အမျိုးသားလုံခြုံရေးအတွက်သာမက ဒီဂျစ်တယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုနိုင်မည်ဖြစ်ပြီး အများပြည်သူနှင့် ပုဂ္ဂလိက အီလက်ထရောနစ် ဝန်ဆောင်မှုကဏ္ဍများတွင် ဒီဂျစ်တယ်ပြုပြင် ပြောင်းလဲရေးအတွက် အရှိန်အဟုန် မြှင့်တင်သွားနိုင်မည်ဖြစ်ရာ မိမိတို့အကောင်အထည်ဖော်မည့် e-ID စနစ်အတွက် များစွာအထောက်အကူပြုမည့် အချက်အလက်များရရှိပြီး ပြန်လည်အသုံးချနိုင်မည်ဟု ယုံကြည်ပါကြောင်း။

 

ယခုအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် e-ID စနစ် လုပ်ငန်းကော်မတီဝင်များနှင့် ဆပ်ကော်မတီအသီးသီးမှ အဖွဲ့ဝင်များအနေဖြင့် e-ID စနစ် လုပ်ငန်းနှင့်ပတ်သက်၍ မကြာမီ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်သဖြင့် သိသင့်သိထိုက်သည့်အချက်များ၊ လုပ်ငန်းဆိုင်ရာ မရှင်းလင်းသည့် အချက်များကို မေးမြန်းဆွေးနွေးသွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ နိုင်ငံတော်အတွက် မဖြစ်မနေ ဆောင်ရွက်ရမည့် e-ID စနစ်ကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရေးအတွက် အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းနှင့် အလုပ်ရုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီပေးသည့် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံ သံအမတ်ကြီးနှင့် THALES ကုမ္ပဏီမှ တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး မစ္စတာ ခရစ္စတီယန် လရှရဗီက အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး ပြင်သစ်နိုင်ငံ THALES ကုမ္ပဏီမှ စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Dieter Dhondl နှင့် e-ID ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက THALES ကုမ္ပဏီနှင့် ပတ်သက်သည့်အကြောင်းအရာများ၊ မြန်မာနိုင်ငံ၏ e-Government စနစ် စတင်အကောင်အထည်ဖော်ခြင်း၊ လုံခြုံစိတ်ချသော ဒီဂျစ်တယ်သက်သေခံ အထောက်အထားဖြင့် Smart nation သို့ လျှင်မြန်စွာ တိုးတက်ပြောင်းလဲမှုနှင့်အတူ တက်လှမ်းခြင်း၊ e-Government ဝန်ဆောင်မှုများကို အသုံးပြုသူများ၏ ဒီဂျစ်တယ် အတွေ့အကြုံ သရုပ်ပြခြင်း၊ e-ID အဆိုပြုလွှာကို သုံးသပ်ခြင်း၊ THALES ကုမ္ပဏီ၏ လုံခြုံစိတ်ချသော ဒီဂျစ်တယ် ID Solutions ကို သုံးသပ်ခြင်း၊ e-ID ဖြင့် ငွေပေးချေမှုများကို လုပ်ဆောင်နိုင်ခြင်း စသည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးကြသည်။

 

ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ကျွမ်းကျင်ပညာရှင်များက ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြကြောင်းနှင့် အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲသို့ e-ID စနစ် လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီအသီးသီးမှ ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်