နေပြည်တော် ၂၆ ဖေဖော်ဝါရီ  

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ယနေ့တွင် EUROCHAN MYANMAR, Garment Advocacy Group မှ Mr. Serkan Tanka ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Greg Vines တို့အား နေပြည်တော်ရှိ ဝန်ကြီးဌာနအစည်းအဝေးခန်းမတွင် သီးခြားစီလက်ခံတွေ့ဆုံသည်။

EUROCHAN MYANMAR, Garment Advocacy Group မှ Mr. Serkan Tanka ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌အထည်ချုပ်လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရာတွင် ဥရောပသမဂ္ဂမှ ထောက်ပံ့ကူညီပေးမည့် အစီအစဉ်များနှင့်ပတ်သက်၍ လည်းကောင်း၊ တရုတ်နိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ဖြစ်ပွားနေသည့်အတွက် မြန်မာနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများတွင် ကုန်ကြမ်းပစ္စည်းပြတ်လပ်၍ စက်ရုံများ ပိတ်သိမ်းရမည့် အခြေအနေများမှ ကာကွယ်နိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် အခြားဆက်စပ်ဝန်ကြီးဌာနများ၊ အထည်ချုပ်လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးနှင့်ပတ်သက်၍ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ မြန်မာနိုင်ငံရှိ လုပ်သားများ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)၏ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိသည့် အခြေအနေနှင့် မြန်မာနိုင်ငံရှိ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ EUROCHAN MYANMAR ၏ အကြံဉာဏ်များရယူ၍ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Greg Vines နှင့် တွေ့ဆုံစဉ် လူမှုဖူလုံရေးအဖွဲ့၏ သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍ ပြုပြင်ပြောင်းလဲခြင်း (IT Reform) အား ILO- Korea Project ဖြင့်လည်းကောင်း၊ ကျန်းမာရေး ဝန်ဆောင်မှုပေးသည့်ကဏ္ဍ ပြုပြင်ပြောင်းလဲခြင်း (Medical Reform) အား ILO- Luxembourg Project ဖြင့်လည်းကောင်း၊ စီမံခန့်ခွဲမှုကဏ္ဍ ပြုပြင်ပြောင်းလဲခြင်းအား ILO- Vision Zero Fund Project ဖြင့် လည်းကောင်း၊ ဥပဒေရေးရာကဏ္ဍ ပြုပြင်ပြောင်းလဲခြင်း (Legal Reform) အား (ILO- Labour Law Reform Project) ဖြင့်လည်းကောင်း တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိပြီး ILO ဖက်မှ Master Plan တစ်ခုရေးဆွဲဆောင်ရွက်မည့် အခြေအနေ၊ မြန်မာနိုင်ငံတွင် ILO အနေဖြင့် Project ၁၄ ခုနှင့် ဝန်ထမ်းအင်အား ၈၀ ကျော်ခန့်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ဆက်ဆံရေးရုံးအနေဖြင့် သက်တမ်းကြာမြင့်လာပြီ ဖြစ်သည့်အတွက် Regular Office ဖွင့်လှစ်နိုင်ရေး၊ National Complaints Mechanism-NCM အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရားကို လက်တွေ့အကောင်အထည် ဖော်ဆောင်ရာတွင် ILO ၏ ပြဋ္ဌာန်းချက်များနှင့်အညီ ရှေ့ဆက်လက် အောင်မြင်အောင် ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်