နေပြည်တော် ၅ ဖေဖော်ဝါရီ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ဂျပန်နိုင်ငံ၊ ချိဘခရိုင်အစိုးရအဖွဲ့မှ Assistant Director General, Mr. Eguchi Yo နှင့် အဖွဲ့အား ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ဂျပန်နိုင်ငံ၊ ချိဘခရိုင်အတွင်း အလုပ်သင်အလုပ်သမားများခေါ်ယူမည့် အစီအစဉ်များ၊ အလုပ်သင် အလုပ်သမားများ သင်တန်းတက်ရောက်နေစဉ် ကာလများအတွင်း ငွေကြေးထောက်ပံ့မှု အစီအစဉ်များ၊ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ထုတ်ပေးနိုင်ရေး အစီအစဉ်များ၊ ဂျပန်နိုင်ငံတွင် နှစ်ရှည်အလုပ်လုပ်ခွင့် ရရှိနိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံရှိ ဂျပန်ဘာသာစကား သင်တန်းကျောင်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အစီအမံများ၊ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား အလုပ်သင် အလုပ်သမားခေါ်ယူရေး နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ ရေးထိုးထားမှု၊ မြန်မာနိုင်ငံမှ ပြည်ပသို့ အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံမှ ကျွမ်းကျင်လုပ်သားများ စေလွှတ်ရာတွင် လုပ်ငန်းခွင်အဆင်ပြေစေရေး၊ ဝန်ဆောင်ခ သက်သာမှုရှိစေရေးနှင့် လုပ်သားများစေလွှတ်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ဂျပန်ဘာသာစကား သင်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေးကိစ္စ၊ ဂျပန်နိုင်ငံ၊ ချိဘခရိုင်နှင့် ဗီယက်နမ်နိုင်ငံတို့ လက်ရှိဆောင်ရွက်နေသည့် သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်သားများခေါ်ယူမည့် အစီအစဉ်များနှင့် ပတ်သက်၍လည်းကောင်း မြန်မာနိုင်ငံမှ အလုပ်သင် အလုပ်သမားစေလွှတ်ရေးနှင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးတို့နှင့် စပ်လျဉ်း၍ နှစ်ဖက်အမြင်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်