နေပြည်တော် ၁၁ ဒီဇင်ဘာ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ဂျပန်နိုင်ငံ၊ တရားရေးဝန်ကြီး Ms. MORI Masako နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ အစည်း အဝေးခန်းမတွင် လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ရှေးရှုပြီး မြန်မာနိုင်ငံသို့ လာရောက်ကြသည့် ဂျပန်နိုင်ငံသားခရီးသွားများအား Visa ကင်းလွတ်ခွင့်ပြုထားသည့်ကိစ္စ၊ ဂျပန်နိုင်ငံသို့ မြန်မာနိုင်ငံမှ ကျွမ်းကျင်လုပ်သားများ စေလွှတ်နိုင်ရေးအတွက် မြန်မာနိုင်ငံမှ ပြည်ပအလုပ်အကိုင် အေဂျင်စီ(၃၄) ခုအား ခွင့်ပြုပေးထားသည့်ကိစ္စ၊ လက်ရှိစစ်ဆေး ဆောင်ရွက်နေသည့် ဟိုတယ်လုပ်ငန်းအပြင် အခြားလုပ်ငန်းများအတွက် စာမေးပွဲကျင်းပမည့်အခြေအနေ၊ အေဂျင်စီများမှတင်ပြလာသည့် အလုပ်ခေါ်စာ (Demand Latter) များ မှန်ကန်မှု ရှိ/မရှိ စိစစ်ရေးလုပ်ငန်းစဉ်များအား ဂျပန်နိုင်ငံရှိ မြန်မာသံရုံး၏ အကူအညီဖြင့် ဆောင်ရွက်နေသည့် အခြေအနေ၊ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား ကျွမ်းကျင်လုပ်သားနေထိုင်ခွင့်ပုံစံဖြင့် နိုင်ငံသားလူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ စနစ်အား စနစ်တကျ လည်ပတ်ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ သတင်းအချက်အလက် ပူးပေါင်းဆောင်ရွက်မှုအတွက် အခြေခံမူဘောင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာ (MoC) အားမတ် ၂၈ ရက်တွင် ဂျပန်နိုင်ငံရှိ လုပ်ငန်းနယ်ပယ် ၁၄ မျိုးအတွက် လက်မှတ်ရေးထိုးခဲ့ပြီး ထိုလုပ်ငန်းနယ်ပယ်များတွင် မြန်မာနိုင်ငံမှ ကျွမ်းကျင်လုပ်သားများ အလုပ်ရရှိနိုင်မှု၊ မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသူ မြန်မာအလုပ်သမားများ များပြားသည့်အတွက် အချို့အေဂျင်စီ များမှလိမ်လည်မှု ဖြစ်ပေါ်လာနိုင်ပါသဖြင့် နှစ်နိုင်ငံချစ်ကြည်ရေးကိုရှေးရှု၍ အပြန်အလှန်နားလည်မှုဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရန် နှစ်ဖက်အမြင်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်