နေပြည်တော် ၂၉ ဇူလိုင်
ကိုဗစ်-၁၉ ကာလအတွင်း ကျွမ်းကျင်မှုသင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး အစိုးရ၊ ပုဂ္ဂလိက သင်တန်းကျောင်း တာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရုံးအမှတ် (၅၁)၊ ဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် သင်တန်းကျောင်း တာဝန်ခံများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းရှိ လုပ်ငန်းခွင်အသီးသီးက လုပ်သားများ၊ ပြည်ပနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်း လုပ်သားများအတွက် မူဝါဒများချမှတ်၍ ကာကွယ်စောင့်ရှောက်မှု ပေးလျက်ရှိကြောင်း၊ ဝန်ကြီးဌာနက Focal Ministry အဖြစ်ဆောင်ရွက်နေသည့် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ အနေဖြင့် လုပ်ငန်းခွင်ရှိလုပ်သားများ၊ အလုပ်အကိုင်ရှာဖွေသူများ၊ လုပ်သားဈေးကွက် လိုအပ်ချက်နှင့်ကိုက်ညီသော အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုများဖွံ့ဖြိုးတိုးတက်စေရန်၊ Upskills ဖြင့် အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှုများမြှင့်တင်ရန်၊ Newskills၊ Reskills ဖြင့်လုပ်သားထုအား ကျွမ်းကျင်မှုဆိုင်ရာ အလုပ်အကိုင်၊ အခွင့်အလမ်းများနှင့် တိုးတက်ချိတ်ဆက်ပေးရန်၊ လုပ်သားဈေးကွက်အတွင်း ကျွမ်းကျင်လုပ်သားလိုအပ်ချက်ကို အချိန်မီဖြည့်ဆည်းပေးရန် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ ဦးစီးဌာနမှ အသိအမှတ်ပြု ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်း ကျောင်း(၁၃)ကျောင်းနှင့် မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skill Standard Authority – NSSA) အသိအမှတ်ပြု သင်တန်းကျောင်း(၄)ကျောင်း ရှိကြောင်း။
ယနေ့ အချိန်အခါတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လူနေထိုင်မှုပုံစံများ ပြောင်းလဲလာပြီး ဓလေ့သစ် (New Normal) ပုံစံဖော်ဆောင်လာကြောင်း၊ ယနေ့ကမ္ဘာတွင် ကုန်ပစ္စည်းများကို အွန်လိုင်းအသုံးပြု၍ အိမ်အရောက်ပို့ဆောင် ရောင်းချခြင်း၊ အီလက်ထရောနစ်ကတ်စနစ် သုံးလာခြင်း၊ Soft Skills သာ လိုအပ်သည့် သင်တန်းအများစုကို အွန်လိုင်းအသုံးပြု၍ သင်ကြားလာခြင်း၊ အစည်းအဝေးပုံစံများ Social Distancing အရနေရာချဲ့စီစဉ်ကျင်းပခြင်း၊ Online Meeting ကျင်းပခြင်း၊ Mask ဝတ်ဆင်လာခြင်းများ ကြုံတွေ့လာရပြီး လူတိုင်းအားလုံးနီးပါး လက်ခံကျင့်သုံးလာပြီဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် ဒီဂျစ်တယ်နည်းပညာရပ် အရေးကြီးလာသောကြောင့် ဒီဂျစ်တယ် နည်းပညာနှင့်ပတ်သက်၍ သင်တန်းကျောင်းများအနေဖြင့် မည်သို့အသုံးချမည်၊ မည်သို့ကိုင်တွယ်မည်ကို မဖြစ်မနေ လေ့လာထားရမည်ဖြစ်ကြောင်း၊ လူသားများ၏ လိုအပ်ချက်များ ပြောင်းလဲလာပြီး၊ ကျွမ်းကျင်မှုနှင့် သက်မွေးပညာသင်တန်းကျောင်းများတွင် အလုပ်အကိုင်ဆိုင်ရာ ကဏ္ဍသစ်များအတွက် တိုးချဲ့သင်ကြားပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ILO ၏ ၂၀၁၉ ခုနှစ် ထုတ်ပြန်ထားသည့် Global Commission on the future of work; Work for Brighter future တွင် လုပ်သားထု၏ တစ်သက်တာပညာသင်ယူမှုရရှိရေး၊ အလုပ်ခွင်အတွင်း အာမခံချက်ရရှိရေးအတွက် အနာဂတ် အလုပ်အကိုင်များကို အကြံပြုတိုက်တွန်းထားသဖြင့် ဝန်ကြီးဌာန၏ အလုပ်အကိုင်မူဝါဒနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
နိုင်ငံတော်အနေဖြင့် လုပ်သားများကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးအား အရေးကြီးကိစ္စရပ်အဖြစ် သတ်မှတ်၍ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုအပေါ် ကုစားရေးလုပ်ငန်းကော်မတီမှလည်း ဝန်ကြီးဌာနမှ ကြီးကြပ်ဆောင်ရွက်နေသည့် ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီများနှင့် ပုဂ္ဂလိကကျွမ်းကျင်မှု ဖွံ့ဖြိုးရေးသင်တန်းကျောင်းများ ဆက်လက်ရှင်သန် ရပ်တည်နိုင်ရေးအတွက် သတ်မှတ်ချက်များနှင့်ကိုက်ညီပါက အခြားစီးပွားရေးလုပ်ငန်းများနည်းတူ ချေးငွေများ ထုတ်ပေးသွားမည်ဖြစ်ပါကြောင်း၊ NSSA နှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အသိအမှတ်ပြု သင်တန်းကျောင်းများကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ကြောင်း၊ သင်တန်းကျောင်းများအနေဖြင့် ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျသည့် ကျွမ်းကျင်လုပ်သားလိုအပ်ချက်ကို အလေးထားဖြည့်ဆည်းပေးနိုင်ရန်နှင့် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများ၊ ကိုဗစ်ကာလအတွင်းနှင့် ကိုဗစ်ကာလအလွန် ဆက်လက်ဆောင်ရွက်သွားမည့် အကြံဉာဏ်ကောင်းများအား ဝိုင်းဝန်းအကြံပြုဆွေးနွေး ဆောင်ရွက်သွားရန်နှင့် ယခုအစည်းအဝေးအား မူဝါဒတစ်ရပ်ချမှတ်နိုင်သည်အထိ အမျိုးသားရေးစိတ်ဓာတ်ဖြင့် ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။
တွေ့ဆုံပွဲတွင် အစိုးရ၊ ပုဂ္ဂလိကသင်တန်းကျောင်းတာဝန်ခံများက ကိုဗစ်-၁၉ ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လမ်းညွှန်မှု၊ ဝန်ကြီးဌာန လမ်းညွှန်မှုများနှင့်အညီ လိုက်နာဆောင်ရွက်ခဲ့မှု၊ သင်တန်းများ ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်မှု၊ ဖွင့်လှစ်နေမှု၊ ကြုံတွေ့ရသည့်အခက်အခဲများ၊ အကြံပြုချက်များကို တင်ပြပြီး ညွှန်ကြားရေးမှူးချုပ်၊ အမြဲတမ်းအတွင်းဝန်နှင့် ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်တို့က ဖြည့်စွက်အကြံပြုဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်