နေပြည်တော် ၁၆ ဇွန်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ကိုရီးယားနိုင်ငံသံအမတ်ကြီး မစ္စတာ လီဆန်းဟွာ ဦးဆောင်သောအဖွဲ့နှင့် ယနေ့နံနက် ၁၀ နာရီတွင် Video Conferencing စနစ် အသုံးပြု၍ အလုပ်သမားရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးသည်။
ဆွေးနွေးပွဲတွင် ကိုရီးယားသမ္မတနိုင်ငံ၌ ရောက်ရှိနေထိုင်နေသော မြန်မာအလုပ်သမားများအား ပြန်လည်ခေါ်ယူရေး ကိစ္စရပ်များနှင့်ပတ်သက်၍ အချိန်တိုးမြှင့်ပေးစေရေး၊ ကိုရီးယားနိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လာလိုသူများအား Relief Flight များဖြင့် ပြန်လည်ခေါ်ယူနိုင်ရေး ဆောင်ရွက်နေသည့် အခြေအနေများ၊ EPS စနစ်ဖြင့် မြန်မာအလုပ်သမားများ အောင်မြင်သည့် အရေအတွက်ကို လူဦးရေ ၁၀၀၀ မှ ၇၀၀၀ အထိ တိုးမြှင့်နိုင်ခဲ့သည့် ကိစ္စရပ်များ၊ ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်ခဲ့ဖူးသည့် ကျွမ်းကျင်အလုပ်သမားများကို ကိုရီးယားနိုင်ငံတွင် ဦးစားပေးပြန် လည်ခေါ်ယူအလုပ်ခန့်အပ်ရေး ထိုသို့ခေါ်ယူရန်အတွက် အလုပ်သမားခေါ်ယူရေး လုပ်ငန်းစဉ်များအတိုင်း တိတိကျကျပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများ၊ COVID-19 ကာလအတွင်း EPS အရည်အချင်းစစ် စာမေးပွဲများကျင်းပရာတွင် နည်းပညာအသုံးပြု၍ ကြိုတင်ဆန်းစစ်ထားနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်သွားရေး၊ EPS ကျွမ်းကျင်လုပ်သားများအား ပြန်လည်ခေါ်ယူရေးအတွက် လေကြောင်းလိုင်းနှင့် ချိတ်ဆက်ဆောင်ရွက်ရမည့် အခက်အခဲများ အားညှိနှိုင်းဆောင်ရွက်ရေး၊ ကိုရိုနာကပ်ရောဂါကြောင့် ထိခိုက်ခံစားရသည့် ကဏ္ဍများအနက်မှ အထည်ချုပ်လုပ်ငန်းများနှင့် ပတ်သက်၍ အလုပ်ရှင်/အလုပ်သမားများ၏ အကြပ်အတည်းများအား နည်းပညာအသုံးပြု၍ ကျော်လွှားဖြတ်သန်းနိုင်မည့် နည်းလမ်းများရှာဖွေရန်နှင့် Covid-19 ကာလအတွင်း အလုပ်သမားများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လူမှုဖူလုံရေး အကျိုးခံစားခွင့်များနှင့်ပတ်သက်၍ အလုပ်လက်မဲ့အကျိုးခံစားခွင့် ကောက်ခံထားခြင်း မရှိသေးသည့်အတွက် အလုပ်သမားများအား အဆိုပါ ခံစားခွင့်အနေဖြင့် ထုတ်ပေးနိုင်ခြင်းမရှိခဲ့သော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် အလုပ်ရှင်/ အလုပ်သမားများ၏ အခက်အခဲကိုရှေးရှု၍ ဆောင်ရွက်ပေးနိုင်လျက်ရှိသည့် အခြေအနေများ၊ နိုင်ငံတော်အစိုးရအနေဖြင့် Covid-19 ကာလအတွင်း နိုင်ငံသားများနှင့် ပြည်တွင်းလုပ်ငန်းရှင်များအတွက် အခွန်အခလျော့ချပေးခဲ့မှုများနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ ဒေသအာဏာပိုင်များ ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများအား ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


