နေပြည်တော် ၁၃ မတ်
ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ရိုက်ခတ်မှုကြောင့် ရင်ဆိုင်နေရသည် အခက်အခဲ အကျပ်အတည်းများအပေါ် ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းများဆွေးနွေးနိုင်ရေး သုံးပွင့်ဆိုင်အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) နှင့်ပတ်သက်၍ ဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါရိုက်ခတ်မှုကြောင့် စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားနှင့် အလုပ်ရှင်များအပေါ် သက်ရောက် နိုင်မှုများကို မျက်ခြည်မပြတ်စောင့်ကြည့်၍ အခြားနိုင်ငံများတွင် ဖြစ်ပေါ်နေသော အခြေအနေများကို လေ့လာပြီး အလုပ်ရှင်၊ အလုပ်သမားများအတွက် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ရေး ကြိုတင်ပြင်ဆင် စီမံမှုများ ပြုလုပ်နေပါကြောင်း၊ လက်ရှိအခြေအနေတွင် COVID-19 နှင့်ဆက်စပ်၍ လည်းကောင်း၊ ကုန်ကြမ်းပြတ်တောက်မှုနှင့် အခြားအကြောင်းတစ်ခုကြောင့် လည်းကောင်း ဇန်နဝါရီလမှ မတ် ၁၀ ရက် အထိ အပြီးပိတ် ၈ ရုံ၊ ယာယီပိတ် ၆ ရုံနှင့် လုပ်သားအင်အားလျှော့ချမှု ၂ ရုံရှိခဲ့ပြီး လုပ်သား အင်အား ၃၄၁၃ ဦးကို ငွေကြေးအကျိုးခံစားခွင့်များ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ အဆိုပါ ကာလအတွင်း အထည်ချုပ် စက်ရုံ ၁၈ ရုံ၊ အိတ်ချုပ်စက်ရုံ ၁၁ ရုံ၊ ဖိနပ်စက်ရုံ ၄ ရုံနှင့် အခြား စက်ရုံ ၃၆ ရုံ၊ စုစုပေါင်း ၆၉ ရုံ အသစ်ထပ်မံဖွင့်လှစ်နိုင်ခဲ့သဖြင့် အလုပ်သမား ၁၁၅၁၁ ဦးကို အလုပ်အကိုင် အခွင့်အလမ်းအသစ်များ ဖန်တီးပေးနိုင်ခဲ့ပါကြောင်း။
မတ် ၁၁ ရက်တွင် ကျင်းပခဲ့သည့် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ ညှိနှိုင်းအစည်းအဝေးတွင် COVID-19 ရိုက်ခတ်မှုကြောင့် စက်ရုံ၊ အလုပ်ရုံများ၌ လုပ်သားအင်အားလျှော့ချမှု၊ ယာယီပိတ်သိမ်းမှု၊ အပြီးပိတ်သိမ်းမှု၊ အချိန်ပို မလုပ်ကိုင်နိုင်၍ လုပ်ခလစာလျော့နည်းမှု၊ စက်ရုံအလုပ်ရုံ များ၌ ပိတ်ဆို့ဆန္ဒပြမှု၊ လုပ်ငန်းရှင်များမှ လစာထုတ်ပေးရန် အခက်အခဲကြုံတွေ့မှုများကြောင့် မလိုလားအပ်သည့်ဖြစ်စဉ်များ မဖြစ်ပွားစေရေး အလုပ်သမား၊ အလုပ်ရှင်များ နှစ်ဦးနှစ်ဖက် အကျိုးမယုတ်စေရေး စဉ်းစားသုံးသပ်ဆောင်ရွက်ရန် မှာကြားခဲ့ပါကြောင်း။
ထို့ကြောင့် စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်၊ အလုပ်ဌာနအလိုက် လက်ရှိအလုပ်အကိုင် အခွင့်အလမ်းများ တည်တံ့ရေး၊ ပြည်ပရင်းနှီးမြှုပ်နှံသူများ တိုးပွားလာရေး၊ ကိုရိုနာဗိုင်းရပ်စ်ရိုက်ခတ်မှုကြောင့် နောက်ဆက်တွဲ စီးပွားရေး ကျဆင်းမှုကို ကုစားနိုင်ရေးနှင့် စက်ရုံ၊အလုပ်ရုံများတွင် ဖြစ်ပေါ်လာနိုင်သော အခက်အခဲများနှင့်စပ်လျဉ်း၍ အလုပ်သမားများ၊ အလုပ်ရှင်များ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်ရေး၊ Stay Home Leave နှင့်စပ်လျဉ်း၍ အကြံပြုချက်များပေးရေး၊ ဝန်ကြီးဌာနမှ ဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်သည့် ကိစ္စရပ်များကို ဆက်စပ်ဌာနများနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပြီး ဆောင်ရွက်၍ မရနိုင်သော ကိစ္စရပ်များကို အလုပ်သမား၊ အလုပ်ရှင် နှစ်ဦးနှစ်ဖက် မိသားစု စိတ်ဓာတ်ဖြင့် အပြန်အလှန် နားလည်ယုံကြည်မှုရှိစွာဖြင့် ဝန်ကြီးဌာနနှင့်အတူ ပူးပေါင်း၍ လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ လက်ရှိဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ရိုက်ခတ်မှုကြောင့် ရင်ဆိုင်နေရသည့် အခက်အခဲအကျပ်အတည်းများကို ဝိုင်းဝန်းပူးပေါင်းဖြေရှင်းရာတွင် ပကတိ အခြေအနေအမှန်ကို မှန်မှန်ကန်ကန် စိစစ်သုံးသပ်၍ အလုပ်သမား၊ အလုပ်ရှင် နှစ်ဦးနှစ်ဖက် အပြုသဘော ဆောင်သည့် စုပေါင်းဆွေးနွေးညှိနှိုင်း သဘောတူညီချက်များရယူပြီး အချိန်ကာလတစ်ခုအထိ ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးရန်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အလုပ်သမား၊ အလုပ်ရှင် ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက COVID-19 ရောဂါရိုက်ခတ်မှုကြောင့် ရင်ဆိုင်နေရသည့် အခက်အခဲအကျပ်အတည်းများအပေါ် ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းများကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။
သတင်းစဉ်