နေပြည်တော် ၂၈ ဇန်နဝါရီ  

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏  မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်    Mrs. Christine Burgener ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် (၁၁) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများအား မိမိတို့ဘက်မှ ပြန်လည်လက်ခံနိုင်ရေးအတွက် တောင်ပြိုဝဲနှင့်ငါးခူရတို့၌ ပြန်လည်လက်ခံရေးစခန်းများ ဖွင့်လှစ်ထားရှိမှု၊ ပြန်လည် ဝင်ရောက်လာသူများအတွက် စားသောက်နေထိုင်ရေး စီစဉ်ထားရှိမှုနှင့် ယခင်နေထိုင်ခဲ့သည့် ကျေးရွာများအနီး၌ အဆောက်အဦများဆောက်လုပ်၍ ပြန်လည်နေထိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု၊ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်အရ ပေးပို့ရမည့် လျှောက်လွှာများနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပေးပို့မှုစာရင်းနှင့် မိမိတို့မှစိစစ်ပြန်ကြားမှု၊ လက်ခံရန်ပြန်ကြားပြီးသူများအား ပြန်လည်လက်ခံရန် အဆင်သင့်ရှိမှုနှင့် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ ပြန်လည်ဝင်ရောက်လာသူများအား နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံ ကတ်ပြား (NV Card) ထုတ်ပေးပြီးနောက် နိုင်ငံသားစိစစ်နိုင်ရန် လျှောက်ထားဆောင်ရွက်နိုင်ရေးနှင့် အထောက်အထား အချက်အလက်များ အပေါ်မူတည်၍ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေသည့်လုပ်ငန်းအစီအစဉ်များ၊ လက်ရှိ NV Card ထုတ်ပေးဆောင်ရွက်မှုနှင့် နိုင်ငံသားစိစစ် ဆောင်ရွက်ပြီး ကတ်ပြားထုတ်ပေးပြီးစီးမှု၊ NV Card သည် နိုင်ငံသားစိစစ်နိုင်ရေးအတွက် ပထမဆုံးခြေလှမ်းဖြစ်ပြီး စိစစ်ခံရန် ဆက်လက် လျှောက်ထားကာ နိုင်ငံသားဖြစ်မှုအတွက် ဆက်လက်ဆောင်ရွက်ရမည့် အစီအစဉ်များ၊ NV Card အကြောင်း သိကောင်းစရာများ၊ ရရှိ ခံစားရမည့် အကျိုးကျေးဇူးများအား ဒေသခံများသိရှိနား လည်စေရေးအတွက် ရှင်းလင်းချပြမှုများ အပါအဝင် မောင်တောနှင့် ဘူးသီးတောင်ဒေသတို့၌ ဗမာ၊ ရခိုင်နှင့် ဘင်္ဂါလီ ဘာသာစကား (၃) မျိုးဖြင့် မေယု FM ရေဒီယိုမှ ထုတ်လွှင့်ပေးနေမှုနှင့် IDP စခန်းများ၌ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှု၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနှင့် မိမိနိုင်ငံသို့ ပြန်လာချင်သူများရှိသော်လည်း ပြန်လည်ဝင်ရောက်မည့်လုပ်ငန်းများ နှောင့်နှေးကြန့်ကြာနေရခြင်း အကြောင်းအရင်းနှင့် ယင်းလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနနှင့် UNDP ၊ UNHCR တို့အကြား နားလည်မှုစာချွန်လွှာ  ( MoU) လက်မှတ်ရေးထိုးဆောင်ရွက်နေမှု၊ UNDP နှင့် UNHCR တို့မှ (MoU) အရ အဆင့် (၃) ဆင့်ဖြင့် ကွင်းဆင်းလေ့လာဆောင်ရွက်နေမှု၊ နိုင်ငံသား ဖြစ်မှုနှင့် ပတ်သက်၍ မိမိနိုင်ငံ၌ ပြဌာန်းထားသည့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ စိစစ်ဆောင်ရွက်မှု၊ နေရပ်စွန့်ခွာသူများ ဂုဏ်သိက္ခာရှိစွာပြန်လာနိုင်ရေးအတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများမှ ပြန်လည်လက်ခံရေးနှင့် လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အကူအညီများ ပံ့ပိုးကူညီပေးနိုင်ရေးအခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ 

 

( သတင်းစဉ် ) 

 

IMG_045