နေပြည်တော် ၁၅ ဒီဇင်ဘာ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Hai Kyung Jun နှင့် ဒုတိယဌာနေ ကိုယ်စားလှယ် Ms. Yukiko lriyama တို့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနနှင့် UNHCR တို့အကြား ၁၉၉၃ ခုနှစ်မှ စတင်၍ နှစ်ပေါင်း (၂၇) နှစ်ခန့် နှစ်ပေါင်း ရှည်ကြာစွာ လက်တွဲ၍ လုပ်ငန်းများပူးပေါင်းဆောင်ရွက်မှု၊ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များကို ၁၉၉၃ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ နှစ်နိုင်ငံအစိုးရနှင့်အတူ UNHCR တို့ပူးပေါင်း၍ အောင်မြင်အောင် ဆောင်ရွက်နိုင်မှု၊ လက်ရှိအခြေအနေအရ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်စဉ်များကြောင့် ဘူးသီးတောင်၊ မောင်တောဒေသမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများ ၎င်းတို့ဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာဖြင့် ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေးအတွက် နှစ်နိုင်ငံအစိုးရ MoU ရေးထိုးထားမှု၊ ရေးထိုးထားသည့် MoU အရ မိမိနိုင်ငံဘက်မှ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ လုပ်ဆောင်နိုင်ရေး အသင့်ပြင်ဆင်လုပ်ဆောင်ခဲ့မှု၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် ဦးဆောင်၍ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းအကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုနိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနနှင့် UNDP/UNHCR တို့အကြား နားလည်မှု စာချွန်လွှာ (MoU) ကို ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် တစ်နှစ်သက်တမ်းရှိ (Exchange of Letters) ကို သုံးပွင့်ဆိုင် လက်မှတ်ရေးထိုးပြီးနောက် ၂၀၁၉ ခုနှစ်၊ မေလနှင့် ၂၀၂၀ ပြည့်နှစ်၊ မေလတို့တွင် MoU သက်တမ်းတိုးမြှင့် လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့မှု၊ ယင်းနောက် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ရခိုင်ပြည်နယ်အတွင်း နေထိုင်ခဲ့ဖူးသူများ ပြန်လည်လက်ခံခြင်းဆိုင်ရာ လုပ်ငန်းများ စိစစ်ကြပ်မတ် ဆောင်ရွက်နိုင်ရေးအတွက် နှစ်နိုင်ငံကိုယ်စားလှယ်များဖြင့် ပူးတွဲလုပ်ငန်းအဖွဲ့ (Joint Working Group - JWG) ကိုဖွဲ့စည်း၍ လက်ရှိလုပ်ငန်းများ ဆောင်ရွက်နေမှု၊ မိမိတို့ဌာနအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှပေးပို့လာသည့် စာရင်းများအရ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ဖူးခြင်း ရှိ၊ မရှိ တိုက်ဆိုင်စစ်ဆေး၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အကြောင်းပြန်ကြားမှုနှင့် ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးများ ကျင်းပဆောင်ရွက်နေမှု၊ UNDP / UNHCR တို့မှဝန်ထမ်းများသည် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသများသို့ ကွင်းဆင်းလေ့လာမှုများကို အခြေခံ၍ ဆောင်ရွက်ရန်တင်ပြလာသည့် အသက်မွေးဝမ်းကျောင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ အခြေခံအ ဆောက်အအုံများ၊ ကျန်းမာရေးနှင့် ပညာရေးလုပ်ငန်းများ စသည်တို့နှင့်ပတ်သက်သည့် အကျိုးသက်ရောက်မှု ထိရောက်မြန်ဆန်သည့် စီမံကိန်း (Quick Impact Projects - QIPs) (၇၅) ခုအား ခွင့်ပြုဆောင်ရွက်နေမှု၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများအနေဖြင့် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များအား ရှင်းရှင်းလင်းလင်း သိရှိနားလည်နိုင်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုနှင့် UNDP / UNHCR တို့မှ ထပ်မံရှင်းလင်းချပြ ပြောကြားပေးနိုင်ရေးအခြေအနေ၊ UNHCR အနေဖြင့် ရခိုင်ပြည်နယ် အရေးကိစ္စအပြင် ကချင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများမှ ပြည်သူများအား ပြန်လည်နေရာချထားရေးနှင့် ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများမှ မြန်မာများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များတွင် ပံ့ပိုးကူညီဆောင်ရွက်ပေးနေမှု၊ UNHCR ဌာနေကိုယ်စားလှယ်အနေဖြင့် MoU ပါ လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ဝန်ကြီးဌာနနှင့် ရင်းနှီးပွင့်လင်းစွာ နီးနီးကပ်ကပ် ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်ရေး အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် UNHCR ဌာနေကိုယ်စားလှယ်က နွေးထွေးပျူငှာစွာ ကြိုဆိုမှုအတွက် ကျေးဇူးတင် ဝမ်းမြောက်ပါကြောင်းနှင့် မိမိမှတ်သားသိရှိထားသည့် အခြေအနေများနှင့် မြန်မာနိုင်ငံ၏ လက်ရှိပကတိဖြစ်ရပ်များအပေါ် ကွင်းဆင်းလေ့လာသုံးသပ်ကာ MoU ပါ လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ဝန်ကြီးဌာနများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းရင်းနှီးနှီး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


