နေပြည်တော် ၂၂ ဇန်နဝါရီ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Ramanathan Balakrishnan အား ယနေ့မွန်းလွဲ (၃)နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှုနှင့် ကောက်ယူရရှိသော အချက်အလက်များအပေါ် အခြေခံ၍ သုတေသနစာတမ်းများနှင့် သန်းခေါင်စာရင်းရလဒ်မြေပုံတို့ အဆင့်ဆင့်ထုတ်ပြန်ခဲ့မှု အခြေအနေ၊ ထုတ်ပြန်ပြီး သန်းခေါင်စာရင်းအချက် အလက်များအား မြို့နယ်များအဆင့်အထိ အသုံးပြုနိုင်ရေးအတွက် ဖြန့်ဝေဆောင်ရွက်နိုင်မှုနှင့် အချက်အလက်အသုံးပြုသူများမှ ယုံကြည်စိတ်ချစွာ အသုံးပြုဆောင်ရွက်နေမှု အခြေအနေ၊ ယင်းအချက်အလက်များမှ Micro Data အထိပံ့ပိုးပေးနိုင်မှုနှင့် အချက်အလက်အသုံးပြုသူများမှ တိကျသေချာသော သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များအား မျှဝေသုံးစွဲနေမှု၊ ကောက်ယူရရှိသော အချက်အလက်များမှ ထုတ်ပြန်ရန်ကျန်ရှိသည့် အချက်အလက်များအား ဆက်လက်ထုတ်ပြန်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေ၊ သန်းခေါင်စာရင်း အချက်အလက် အသုံးပြုသူများအတွက် မြို့နယ်အဆင့်အလုပ်ရုံ ဆွေးနွေးပွဲများ ဆက်လက်ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှု၊ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူပြီးနောက် (၅)နှစ်တာကာလအတွင်း ပြောင်းလဲသွားသည့် အချက်အလက်များကို နှိုင်းယှဉ်သိရှိနိုင်ရန်၊ အခြားဌာနများမှ လိုအပ်သည့် အချက်အလက်များကို ဖြည့်ဆည်းကောက်ယူ ပြုစုပေးနိုင်ရန်နှင့် ၂၀၂၄ ခုနှစ်တွင် ဆောင်ရွက်မည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း လုပ်ငန်းစဉ်အတွက် လိုအပ်ချက်များ ကြိုတင်စီစဉ် ဆောင်ရွက်နိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ယခုနှစ် နိုဝင်ဘာလအတွင်း ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် စီမံချက်ရေးဆွဲ ဆောင်ရွက်နေမှု၊ ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းစဉ်အတွက် အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်နိုင်ရေး ယင်းလုပ်ငန်းစဉ်များအပေါ် UNFPA မှ အတွေ့အကြုံ၊ အကြံဉာဏ်များနှင့် လိုအပ်သည့် စက်ကိရိယာ၊ နည်းပညာများ ဆက်လက်ပံ့ပိုးကူညီ ဆောင်ရွက်ပေးနိုင်ရေး အခြေအနေ၊ ဝန်ကြီးဌာနနှင့် UNFPA တို့အကြား ယခင်ပူးပေါင်းဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ ရင်နှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)