နေပြည်တော်  ၁၀ မတ်

 

လတ်တလောဖြစ်ပေါ်နေသော COVID-19 ရောဂါရိုက်ခတ်မှုကြောင့် စက်ရုံ/ အလုပ်ရုံများတွင် ဖြစ်ပေါ်လာ နိုင်သည့် အခက်အခဲ ပြဿနာများနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနမှ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက COVID-19 ရောဂါကူးစက်ပြန့် ပွားမှုသတင်းနှင့် ပတ်သက်၍ စက်ရုံ၊ အလုပ်ရုံများတွင် ဖြစ်ပေါ်နေသည့် အခက်အခဲ ပြဿနာများနှင့်ပတ်သက်၍ ဝန်ကြီးဌာနအနေဖြင့် COVID-19  စတင်ဖြစ်ပွားနေသည့် အချိန်မှစ၍ အလုပ်ရှင်နှင့် အလုပ်သမားများအပေါ် သက်ရောက်နိုင်သည့် အခြေအနေများအကို မျက်ခြည်မပြတ် စောင့်ကြည့်နေမှုများ၊ အခြားသောနိုင်ငံများ၏ ဖြစ်ပေါ်နေမှုများကို လေ့လာ၍ ဖြစ်ပေါ်လာနိုင်သည့် အလုပ်ရှင်/အလုပ်သမားနှင့် ဝန်ကြီးဌာနမှ ဆောင်ရွက် နိုင်ရေးကိစ္စများကို လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ပါကြောင်း။

 

အလုပ်သမားများအနေဖြင့် စက်ရုံများပိတ်သိမ်းမည်ကို စိုးရိမ်ကြောင်းနှင့် ပိတ်သည့်အခါတွင် COVID – 19 ကြောင့် မဟုတ်ဘဲနှင့် အဆိုပါရောဂါကိုအကြောင်းပြုပြီး ပိတ်ခြင်းဖြစ်မည်ကို စိုးရိမ်ပါကြောင်းနှင့် ပိတ်သိမ်းသည့်အခါတွင် ဥပဒေနှင့် ညီညွတ်မှုမရှိဘဲ ပိတ်သိမ်းသွားမည်ကို စိုးရိမ်ကြောင်း၊ ပိတ်သိမ်းသည့် အခါတွင်လည်း ၎င်းတို့၏ ရသင့်ရထိုက်သည့် အခွင့်အရေးများကို ရစေလိုကြောင်း၊ ပြန်လည်ဖွင့်လှစ်မည် ဆိုပါက ၎င်းတို့အား အလုပ်ပြန်လည် ခန့်ထားစေလိုကြောင်း စသည့် တောင်းဆိုမှုများရှိကြောင်း၊ အဆိုပါ စိုးရိမ်ပူပန်မှုများကိုလည်း ဝန်ကြီးဌာနအနေဖြင့် တည်ဆဲဥပဒေများနှင့်အညီ တိကျစွာဆောင်ရွက်သွား မည်ဖြစ်ပြီး စာရင်းဇယားကောက်ယူခြင်း အပါအဝင် အသိပေးသင့်သည်များကိုလည်း အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် လုပ်ဆောင်မှုအားလုံးကိုလည်း အလုပ်ရှင်များ၊ အလုပ်သမားများနှင့် တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် UMFCCI တို့တွင် ဆွေးနွေးခဲ့မှုများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်နှင့် တာဝန်ရှိသူများက စက်ရုံ၊ အလုပ်ရုံများတွင် လက်ရှိဖြစ်ပေါ် နေမှုများနှင့် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက် များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။

 

သတင်းစဉ်