နေပြည်တော် ၁၁ ဒီဇင်ဘာ  

 

တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေသည့် ဝန်ကြီးများအား လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းခြင်း အခမ်းအနားကို ဒီဇင်ဘာ ၁၀ ရက်၊  မွန်းလွဲ ၂ နာရီတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။   

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မိမိတို့ဝန်ကြီးဌာနသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်ရာတွင် လုပ်ငန်းသဘောသဘာဝအရ ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ဆောင်ရွက်ရသည့် ဌာနတစ်ခုဖြစ်သည်နှင့်အညီ လုပ်ငန်းများ ဖော်ဆောင်ရာတွင်လည်း ပြည်သူများအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေမည့် လိုအပ်ချက်များကိုသုံးသပ်ကာ လက်ရှိနိုင်ငံတော်အစိုးရ စတင်တာဝန်ယူချိန်မှစ၍ သစ္စာစီမံချက်ရေး ဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်ဝင်ဗီဇာကိစ္စများ၊ ပြည်တွင်း/ပြည်ပ ဝင်ထွက်သွားလာမှုနှင့် ပတ်သက်သည့် လူဝင်မှုစစ်ဆေးရေးလုပ်ငန်းများ၊ နိုင်ငံခြားသားထိန်းသိမ်းရေးလုပ်ငန်းများကို နိုင်ငံတကာနှင့် ရင်ဘောင်တန်းဆောင်ရွက်နိုင်ရန် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသား မှတ်ပုံတင်လုပ်ငန်းကို ဆောင်ရွက်ရာတွင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး စိစစ်ထုတ်ပေးခြင်း၊ အခြေခံပညာကျောင်းများမှ အသက်(၁၀)နှစ်ပြည့် ကျောင်းသား/ ကျောင်းသူများကို နိုင်ငံသား စိစစ်ရေးကတ်ပြား (သို့မဟုတ်) ကိုင်ဆောင်သင့်သော မှတ်ပုံတင် တစ်မျိုးမျိုးထုတ်ပေးခြင်း၊ မြန်မာနိုင်ငံသား ဟုတ်/မဟုတ်စိစစ်ခြင်း၊  နိုင်ငံသားစိစစ်ခံရမည့် သူ၏ သက်သေခံကတ်ပြား (NV Card) ထုတ်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများနှင့် အလုပ်သမားများကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော မှတ်ပုံတင်တစ်မျိုးမျိုးထုတ်ပေးခြင်း စသည့်လုပ်ငန်းများကို  ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။ 

 

ပြည်သူ့အင်အားစာရင်းကောက်ယူ ထိန်းသိမ်းရေးလုပ်ငန်းကို ဆောင်ရွက်ရာတွင် ၂၀၁၄ ခုနှစ်၌ ပြည်လုံးကျွတ်ကောက်ယူနိုင်ခဲ့သည့် လူဦးရေနှင့်အိမ်အကြောင်းအရာ စာရင်းအင်းအချက်အလက်များကို အခြေခံအသုံးပြု၍ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများရေးဆွဲချမှတ် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ယခုလက်ရှိအဓိက ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများဖြစ်သည့် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း၊ ၂၀၂၀ ပြည့်နှစ်တွင် ဆောင်ရွက်မည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးခွင့်ရရှိရေးအတွက် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းလုပ်ငန်းနှင့် e-ID စနစ် အကောင်အထည်ဖော်ရေးလုပ်ငန်း စသည့် လုပ်ငန်းများသည် နိုင်ငံတော်အတွက် အလွန်အရေးပါသည့် လုပ်ငန်းများဖြစ်ပါကြောင်း။

 

ယင်းလုပ်ငန်းစဉ်များသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်ပြီး ကြီးမားကျယ်ပြန့်၍ ခက်ခဲနက်နဲသည့် လုပ်ငန်းများဖြစ်ပါကြောင်း၊ မိမိတို့ဌာနသာမက အခြားသော ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ စသည့် ဒေသအာဏာပိုင် အဖွဲ့အစည်းများအားလုံးက ပံ့ပိုးကူညီမှုဖြင့် ပြည်သူအားလုံးပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မည့်လုပ်ငန်းစဉ်များ ဖြစ်ပါကြောင်း၊ တက်ရောက်လာကြသည့် ဝန်ကြီးများအနေဖြင့် ယင်းလုပ်ငန်းစဉ်များ၏ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို လုပ်ငန်းအောင်မြင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များသည် နိုင်ငံတော်အဆင့် လုပ်ငန်းစဉ်များဖြစ်ပြီး နိုင်ငံနှင့်ပြည်သူအတွက် များစွာအကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းများဖြစ်သည်နှင့်အညီ နိုင်ငံအတွက် သမိုင်းမှတ်တိုင်စိုက်ထူနိုင်မည့် လုပ်ငန်းစဉ်များ လည်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်ရပြီး ပြည်သူအားလုံးနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံဆောင်ရွက်ရသကဲ့သို့ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် နိုင်ငံခြားသားများနှင့်ပါ ထိတွေ့ဆက်ဆံဆောင်ရွက် ရခြင်းကြောင့် ဝန်ထမ်းအားလုံးသည် ဆက်ဆံရေး ပြေပြစ်ပြီး လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားနေရန် လိုအပ်ပါကြောင်း၊ တက်ရောက်လာကြသည့် ဝန်ကြီးများအနေဖြင့်လည်း ဌာန၏ရည်မှန်းချက် တာဝန်များကို သိရှိနားလည်ပြီး တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းစဉ်များအောင်မြင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်သွားကြရန် လိုအပ်မှာ ဖြစ်ပါကြောင်း၊ ဌာန၏ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအလိုက် အသေးစိတ်ကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်လက်ရှင်းလင်း တင်ပြကြမည်ဖြစ်သည့်အတွက် မရှင်းလင်းသည့် အချက်အလက်များ၊ သိရှိလိုသည်များကို ပွင့်ပွင့်လင်းလင်း မေးမြန်းဆွေးနွေး၍ အကြံကောင်း၊ ဉာဏ်ကောင်းများပေးကြရန် တိုက်တွန်းပါကြောင်း ရှင်းလင်းပြောကြားသည်။ 

 

ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးအေးလွင်နှင့် တာဝန်ရှိသူများက ဌာန၏လုပ်ငန်းကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာလုပ်ငန်းစဉ်၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရာတွင် ဌာနနှင့်ပတ်သက်သည့် လုပ်ငန်းများဆောင်ရွက်မှု၊ e-ID စနစ် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ တက်ရောက်လာကြသည့် ဝန်ကြီးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးအကြံပြုကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မေးမြန်းဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်း ပြောကြားပြီး ဝန်ကြီးများ၏ သုံးသပ်အကြံပြုချက်များအပေါ် အလေးထားဆောင်ရွက်သွားမည်ဖြစ်ပြီး မိမိဌာန၏ ရည်မှန်းချက်တာဝန်များ အောင်မြင်ရေးအတွက် ပူးပေါင်းကူညီ ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။ 

 

သတင်းစဉ်