နေပြည်တော် ၁၃ မတ်

 

လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ အသုံးပြုသူများ၏ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက လူ့စွမ်းအားဆိုင်ရာ စီမံကိန်းများကို စနစ်တကျ ရေးဆွဲအကောင်အထည်ဖော်နိုင်ရန် တိကျမှန်ကန်ပြီး ယုံကြည်ကိုးစားလောက်သည့် စာရင်းအင်း အချက်အလက်များရရှိရန် လိုအပ်ကြောင်း၊ စီမံကိန်းများ အောင်မြင်နိုင်ရန် မူလအခြေပြုသည့် စာရင်းအင်း အချက်အလက်များအပေါ်တွင် မူတည်ပါကြောင်း၊ ဝန်ကြီးဌာနများအလိုက် သက်ဆိုင်သည့် အညွှန်းကိန်း များကို လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းများ လက်စွဲစာအုပ်တွင် တစ်စုတစ်စည်းတည်း တွေ့မြင်နိုင်ပါကြောင်း၊ နိုင်ငံ၏ လူ့စွမ်းအားဆိုင်ရာ မှတ်တိုင်တစ်ခုဖြစ်၍ လက်စွဲစာအုပ်ကို ရေရှည်ထုတ်ဝေနိုင်ရေးအတွက် အညွှန်းကိန်းနှင့် သက်ဆိုင်သည့် ဌာနဆိုင်ရာများနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းတို့မှ ကိုယ်စားလှယ်များပါဝင်သည့် လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ ပုံမှန်ပြုစုထုတ်ပြန်နိုင်ရေး အထောက်အကူပြု လုပ်ငန်းအဖွဲ့ (Core Working Group) ကို အသစ်ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ စာရင်းအင်းများ ပြည့်စုံမှန်ကန်ရေးသည် အရေးကြီး၍ ဒုတိယသမ္မတ ဦးဆောင်သည့် စာရင်းအင်းအချက်အလက်များ မှန်ကန်ရေးနှင့် အရည်သွေးပြည့်ဝရေးကော်မတီကို ဖွဲ့စည်းခဲ့ပါကြောင်း၊ လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းများ ဖော်ထုတ်အသုံးပြုရေးလုပ်ငန်း စီမံကိန်းအရ မိမိတို့ဝန်ကြီးဌာနက ဦးတည်ဆက်သွယ်ရာ ဌာနအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

 

4

 

ထို့နောက် ကိုယ်စားလှယ်များက လူ့စွမ်းအား ဖွံ့ဖြိုးမှုအညွှန်းကိန်းများ လက်စွဲစာအုပ် ရေရှည်တည်တံ့ စေရေးအတွက် ဆွေးနွေးသုံးသပ် အကြံပြုချက်များရယူကာ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို လျာထားကြသည်။

 

“လူဦးရေနှင့် ဖွံ့ဖြိုးမှု စီမံကိန်းရေး ဆွဲရေးလုပ်ငန်းစဉ်အတွက် လူ့စွမ်းအား ဖွံ့ဖြိုးမှုအညွှန်းကိန်းများ ဖော်ထုတ်ရေးဆိုင်ရာ လုပ်ငန်းစီမံကိန်း” ရလဒ်အရ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနက ၁၉၉၇ ခုနှစ်မှစတင်ပြီး လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ လက်စွဲစာအုပ်ကို ပြုစုထုတ်ဝေခဲ့ပြီး နိုင်ငံတော်တွင် ပြောင်းလဲဖြစ်ပေါ်နေသည့် စီးပွားရေး၊ လူမှုရေး အခြေအနေများကို မူဝါဒချမှတ်သူများ၊ စီမံကိန်းရေးဆွဲ သူများနှင့် စီမံခန့်ခွဲကြီးကြပ်သူများက အချိန်နှင့်တစ်ပြေးညီ လေ့လာသုံးသပ်ကာ ထိရောက်မှုရှိသော မူဝါဒများကို ချမှတ်နိုင်မည်ဖြစ်၍ အညွှန်းကိန်းများ၏ အရေးပါမှုကို ပိုမိုအလေးထားပြီး နားလည်သဘော ပေါက်စေရန် ရည်ရွယ်ချက်ဖြင့် ယနေ့အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်သည်။

 

သတင်းစဉ်