နေပြည်တော် ၉ အောက်တိုဘာ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ILO – Luxembourg Project မှ Project Manager, Mrs. Marielle Phe Goursat နှင့်အဖွဲ့အား နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် အလုပ်သမားများ၏ အကျိုးကိုရှေးရှုပြီး မျှော်မှန်းချက်နှင့် ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ လူမှုဖူလုံရေးအဖွဲ့ အနေဖြင့်လည်း အာမခံအလုပ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ လူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသားလုံး အကျုံးဝင်သည့် စီမံကိန်းဖြစ်စေရန် မျှော်မှန်းပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဆေးရုံ၊ ဆေးခန်းများ၏ ဝန်ဆောင်မှု ပိုမိုကောင်းမွန်လာစေရန်နှင့် အကျုံးဝင်အာမခံအလုပ်သမားများ စိုက်ထုတ်ကုန်ကျ ငွေလျော့နည်းစေရေးအတွက် ဖြေလျော့နိုင်မည့် လုပ်ငန်းစဉ်များကို ILO ၏ နည်းပညာအကူအညီဖြင့် ကျန်းမာရေး ဝန်ဆောင်မှုကဏ္ဍ ပြုပြင်ပြောင်းလဲခြင်း (Medical Reform) အပါအဝင် ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များကို ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် Medical Reform ကို ဦးစားပေးအစီအစဉ် (၃)ရပ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ Medical Reform ကို IT Reform နှင့် ချိတ်ဆက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိ စီးပွားရေးနှင့် လူမှုရေးအခြေအနေတို့အပေါ် မူတည်ပြီး လူမှုဖူလုံရေးအဖွဲ့အတွက် သင့်လျော်ပြီး ဖြစ်နိုင်ချေရှိသည့် Social Health Insurance စနစ်ကို ကျင့်သုံးဆောင်ရွက်ရန် သင့်လျော်သည့် ဒီဇိုင်းနှင့် ယင်းအတွက် အသေးစိတ်အစီအစဉ်တို့ကို အကြံဉာဏ်ကောင်းများ မျှဝေပေးစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ILO – Luxembourg Project မှ Project Manager, Mrs. Marielle Phe Goursat က “Support to the extension of Social Health Protection in South East Asia နှင့်စပ်လျဉ်း၍ လူမှုဖူလုံရေးအဖွဲ့မှ ဆောင်ရွက်နေသော Medical Reform နှင့်ပတ်သက်သည့် ကျန်းမာရေးဝန်ဆောင်မှုပေးသူများ၏ လူမှုဖူလုံရေးကွန်ယက်များ တိုးချဲ့ခြင်း တို့နှင့်စပ်လျဉ်း၍ ပြုစုထားသည့် Technical Note (၂)စောင်အား Powerpoint Presentation ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြချက်အပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြောင်း သိရသည်။
သတင်းစဉ်


