နေပြည်တော် ၈ ဩဂုတ်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံသံအမတ်ကြီး Mr. Jaroslav Dolecek အား ယနေ့နံနက် (၁၀)နာရီတွင် အဆိုပါဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနှင့် ဥရောပနိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုရှိစေရေးအတွက် ချက်သမ္မတနိုင်ငံမှ ပေါင်းကူးတံတားသဖွယ် ကြိုးပမ်းဆောင်ရွက်ပေးမှုနှင့် အတွေ့အကြုံများ မျှဝေဖလှယ်ပေးမှု၊ ချက်သမ္မတနိုင်ငံကို ဆိုက်ရောက်ဗီဇာ (VOA) ခွင့်ပြုပေးနိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံအလုပ်သမားရေးရာနှင့် လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာလုပ်ငန်းများတွင် အတွေ့အကြုံကောင်းများ မျှဝေပေးနိုင်ရေးနှင့် အနွေးထွေးဆုံး ချစ်ကြည်ရင်းနှီးမှုဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလရေးဆိုင်ရာ လုပ်ငန်းများ၌ အတွေ့အကြုံမျှဝေပေးနိုင်ရေးနှင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်အား နိုင်ငံတကာအသိုင်းအဝိုင်းမှ သိရှိနားလည်နိုင်စေရေးအတွက် ရှင်းလင်းချပြပေးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


