နေပြည်တော်  ၃၀  ဇန်နဝါရီ

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း၏ ဥက္ကဋ္ဌ ဒေါက်တာအောင်သိန်းနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များအား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်၏ကုန်ထုတ်စွမ်းအား တိုးတက်ရေး၊ လုပ်ငန်းခွင် အေးချမ်းသာယာရေး၊ နိုင်ငံအတွင်းရှိ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်သမားများ၏ လုပ်ငန်းခွင်ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုပ်ခလစာတိုးမြှင့် သတ်မှတ်နိုင်ရေး၊ လုပ်သားအင်အားကို အခြေပြုသည့် (Cutting Making Packing)CMP လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ စက်ရုံအလုပ်ရုံများတွင် လုပ်ငန်းခွင်အေးချမ်းသာယာရေးနှင့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်စေရေးအတွက် အလုပ်ရှင်/အလုပ်သမားအကြား ကောင်းမွန်သည့် ဆက်ဆံရေးများရှိစေရေး၊ လုပ်သားများ၏ လုပ်ငန်းခွင်ကျွမ်းကျင်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး ကုန်ထုတ်စွမ်းအား မြင့်မားလာစေရေးအတွက် လုပ်ငန်းခွင်ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်းများ ပူးပေါင်းဖွင့်လှစ်သင်ကြားနိုင်ရေးကိစ္စ၊ အလုပ်သမားရေးရာ ဥပဒေများ အသစ်ရေးဆွဲခြင်းနှင့်ပြင်ဆင် ဖြည့်စွက်ခြင်းများ ဆောင်ရွက်ရာတွင် အလုပ်ရှင်များဖက်မှလည်း တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး ကိစ္စများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် တက်ရောက်လာကြသည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍအသီးသီးအလိုက် လက်ရှိဆောင်ရွက်နေမှု အခြေအနေများ၊ ဝန်ကြီးဌာနနှင့် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်လိုသည့် ကိစ္စရပ်များ၊ အသင်း၏လုပ်ငန်း ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်