နေပြည်တော် ၂၃ ဇန်နဝါရီ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးမောင်မောင် ဦးဆောင်သောအဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ယခုကဲ့သို့ တွေ့ဆုံခြင်းဖြင့် အလုပ်ရှင်၊ အလုပ်သမားများ၏ လိုအပ်ချက်များကို သိရှိပြီး လုပ်ငန်းခွင် တည်ငြိမ်အေးချမ်း သာယာရေးကို အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အလုပ်သမားများ၏ အခန်းကဏ္ဍ မည်မျှအရေးပါသည်ကို သိရှိနားလည်ပါကြောင်း၊ ထို့အတူ အလုပ်ရှင်များ၏ အခန်းကဏ္ဍပါ အရေးပါမှုကို နားလည်သဘောပေါက်ပါကြောင်း၊ လုပ်ငန်းခွင်ဆက်ဆံမှု ကောင်းမွန်ရေးနှင့် လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းသာယာရေးအတွက် အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင်တွင် တာဝန်အသီးသီးရှိပါကြောင်း၊ အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အားနည်းချက် အားသာချက်များရှိနေပြီး မိမိတို့ ဝန်ထမ်းများကို အရည်အချင်း ပိုမိုတိုးတက်ကောင်းမွန်လာရန်နှင့် အလုပ်သမားရေးရာ ဥပဒေများကို ထိထိရောက်ရောက် ထဲထဲဝင်ဝင် သိရှိနိုင်ရန်အတွက် သင်တန်းများ ပို့ချပေးလျက်ရှိကြောင်း။
ဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းပေးသည့် ဥပဒေများအတိုင်း လိုက်နာကျင့်သုံး ဆောင်ရွက်လျက်ရှိသည့်အပြင် လွှတ်တော်ကော်မတီများနှင့်လည်း အလုပ်သမားရေးရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး တင်ပြလျက်ရှိပါကြောင်း၊ အလုပ်သမားရေးရာ အငြင်းပွားမှု ဥပဒေနှင့် အလုပ်သမားအဖွဲ့အစည်းဥပဒေ (မူကြမ်း) ပြုစုရာတွင် အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင်အဖွဲ့ ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်ရေး၊ လိုအပ်ချက်များ၊ ထပ်မံပြင်ဆင်ထည့်သွင်းလိုသော အချက်များရှိပါက ဝန်ကြီးဌာနမှ အစိုးရကိုယ်စားလှယ်အဖြစ် ဦးဆောင်၍ သက်ဆိုင်ရာ လွှတ်တော်အဆင့်ဆင့်သို့ ဆက်လက်တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလုပ်သမားရေးရာ အငြင်းပွားမှုဥပဒေနှင့် အလုပ်သမား အဖွဲ့အစည်းဥပဒေ(မူကြမ်း) အဆိုပြုချက်များသည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏စံနှုန်းများ၊ တိုက်ရိုက်ထိတွေ့ဆက်ဆံရေးအဖွဲ့ (Direct Contract Mission Report - DCM) ပါ အကြံပြုချက်များနှင့် ကိုက်ညီရေး၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် အမျိုးသားအဆင့် အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမာ်း သုံးပွင့်ဆိုင် အပြန်အလှန် ဆွေးနွေးပြောဆိုမှု ဖိုရမ်တွင် အကြေအလည် ပါဝင်ဆွေးနွေးရေး အပါအဝင် ဥရောပကော်မရှင် (EU) မှ GSP ပြန်လည်ရုပ်သိမ်းရေး စဉ်းစားနေမှုများကို သုံးပွင့်ဆိုင် စုပေါင်းဆောင်ရွက်ခြင်းဖြင့် အဖြေရှာနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အလုပ်သမား၊ အလုပ်ရှင် အဖွဲ့အစည်းဥပဒေ(မူကြမ်း)နှင့် အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ(မူကြမ်း)တို့တွင် ပါဝင်သည့် အချက်များနှင့်စပ်လျဉ်း၍ ပြင်ဆင်ဖြည့်စွက်လိုသည့် အချက်များ၊ မြေပြင်တွင်တွေ့ကြုံနေရသည့် အလုပ်သမားအဖွဲ့ ဖွဲ့စည်းရေးဆိုင်ရာ အခက်အခဲများ၊ အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာများကို တင်ပြဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
(သတင်းစဉ်)