နေပြည်တော် ၃ ဇန်နဝါရီ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေသည် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ ချုပ်ဥက္ကဋ္ဌ၊ ကော်မတီဝင်များနှင့် ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အစည်းအဝေးခန်းမ၌ တွေ့ဆုံ ဆွေးနွေးသည်။
တွေ့ဆုံပွဲသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (အလုပ်သမားရေးရာဆိုင်ရာ) အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ အလုပ်သမားညွှန်ကြား ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာပြည်ပအလုပ်အကိုင်ဝန် ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်မှဥက္ကဋ္ဌနှင့် စင်ကာပူနိုင်ငံ၊ဂျပန်နိုင်ငံ သို့အလုပ်သမား စေလွှတ်ရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက စင်ကာပူနိုင်ငံသို့မြန်မာ အိမ်တွင်း အထောက်အကူပြု အလုပ်သမားများ တရားဝင်စေလွှတ်နိုင်ရန် သင်လျော်သည့် အဖွဲ့ အစည်းနှင့် MoU လက်မှတ်ရေးထိုးနိုင်ရေးအတွက် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်နှင့် လက်ရှိဆွေးနွေးဆောင်ရွက်နေမှု အခြေအနေများအား အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရန် ဝန်ကြီးဌာနဘက်မှ ဆောင်ရွက် ပေးရမည့် လုပ်ငန်းစဉ်များ အခြားဆက်စပ်ဝန်ကြီးဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ရမည့် အခြေအနေများအား ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြဆောင်ရွက်ကြရန်လိုကြောင်း၊ ဂျပန်နိုင်ငံမှ ကျွမ်းကျင်မြန်မာအလုပ်သမားများအား ခေါ်ယူမှုနှင့်ပတ်သက်၍ နှစ်နိုင်ငံ သဘောတူ MoU လက်မှတ် ရေးထိုးထားသည့် လုပ်ငန်းနယ်ပယ် ၁၄ မျိုးအနက် လက်ရှိ လုပ်ငန်း ၂ မျိုးအား လာရောက် စစ်ဆေးခေါ်ယူမှုများနှင့်ပတ်သက်၍ ဂျပန် နိုင်ငံရှိအဖွဲ့အစည်းအသီးသီးမှ မြန်မာအလုပ် သမားများခေါ်ယူရန် လာရောက်တွေ့ဆုံမှုများရှိရာ ၎င်းတို့ဘက်မှ အဖွဲ့အစည်းတစ်ခုနှင့် တစ်ခု အလုပ်သမားခေါ်ယူမည့်အစီအစဉ် မတူညီမှုများအပေါ် ဝန်ကြီးဌာနအနေဖြင့် အဖွဲ့အစည်းအားလုံး ဥပဒေနှင့်အညီ တန်းတူမျှမျှတတ ဖြစ်စေရန်ညှိနှိုင်း ဆောင်ရွက် လျက်ရှိရာ အဖွဲ့ချုပ်နှင့်အေဂျင်စီများကလည်း နားလည်၍ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း။
လက်ရှိတွင် ဂျပန်နိုင်ငံသို့ ကျွမ်းကျင်လုပ်သားအဖြစ်စေလွှတ်ခဲ့သော်လည်း မူလ သဘောတူထားသည့်လုပ်ငန်း၌ လုပ်ကိုင်ရခြင်းမရှိသည့် အတွက်လုပ်သားများ၏ တိုင်ကြား လာမှုများရှိရာ အလုပ်သမားများပို့ဆောင်ရာတွင် အေဂျင်စီများအနေနှင့် ဌာနကချမှတ် ထားသည့် မူဝါဒစည်းမျဉ်းစည်းကမ်းများနှင့်အညီလိုက်နာဆောင်ရွက်ကြရန်နှင့် အဖွဲ့ချုပ်မှ လည်း အေဂျင်စီများ အားလိုအပ်သလို ထိမ်းသိမ်းကြပ်မတ်၍ လုပ်သားများအကျိုး၊ အေဂျင်စီများအကျိုး၊ နိုင်ငံတော်၏ အကျိုးတို့ကို မျှမျှတတ စဉ်းစားလုပ်ဆောင်သွားရန် လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လုပ်သား များ၊ အေဂျင်စီများနှင့် ဝန်ကြီးဌာနတို့ နီးနီးကပ်ကပ် ပူးပေါင်းလုပ်ဆောင်မှ အောင်မြင်မည်ဖြစ် ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လည်း မူဝါဒများ တိတိကျကျချမှတ်ကာလုပ်ငန်းစဉ်များ ချောမွေ့ လျင်မြန်လွယ်ကူစေရန် ဖြေလျော့မှု၊ပူးပေါင်းဆောင်ရွက်မှုများကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း။
ဂျပန်နိုင်ငံသို့လုပ်သားပို့ဆောင်ခဲ့သည့် မြန်မာနိုင်ငံမှအေဂျင်စီအချို့အား အရေးယူ ဆောင်ရွက် နေရသည့်ဖြစ်စဉ်များရှိပါကြောင်း၊ သို့ဖြစ်ပါ၍အေဂျင်စီအဖွဲ့ချုပ်၏ အခက်အခဲများ၊ လိုအပ်ချက်များကို ဝန်ကြီးဌာနသို့ အချိန်မရွေးလာရောက်၍ ပွင့်ပွင့်လင်းလင်း ဆွေးနွေး တင်ပြနိုင်ကြောင်း၊ အလုပ် သမားအကျိုး၊ အေဂျင်စီ၏အကျိုး၊ နိုင်ငံ၏အကျိုး ဖြစ်ထွန်းစေရေးအားလုံး ဝိုင်းဝန်းဆောင်ရွက်သွားရန်လိုကြောင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်း ရှင်များ အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ စင်္ကာပူနိုင်ငံသို့ အိမ်တွင်းအထောက်အကူပြု မြန်မာအလုပ်သမား များတရားဝင်စေလွှတ်နိုင်ရန်MoUလက်မှတ်ရေးထိုးနိုင်ရေး၊ ဂျပန်နိုင်ငံ သို့ ကျွမ်းကျင်မြန်မာအလုပ် သမားများစေလွှတ်နိုင်ရေးတို့နှင့်ပတ်သက်၍ လိုအပ်ချက်များ၊ အကြံပြုချက်များအား တင်ပြဆွေးနွေးခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လိုအပ်ချက်များပေါင်းစပ် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)