နေပြည်တော် ၂ နိုဝင်ဘာ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် နော်ဝေနိုင်ငံ ဒုက္ခသည်များဆိုင်ရာကောင်စီ (Norwegian Refugee Council - NRC) ရုံးချုပ်မှ အတွင်းရေးမှူးချုပ် Mr. Jan Laurits Egeland အား ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် နော်ဝေနိုင်ငံ NRC တို့ပူးပေါင်း၍ တိုင်းဒေသကြီး/ ပြည်နယ် (၇) ခုတို့၌ မြန်မာနိုင်ငံအတွင်း နေထိုင်သူများအား ကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုး ထုတ်ပေးရေး လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများ၊ ကချင်ပြည်နယ်ရှိ IDP စခန်းများ၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်နေမှု၊ ဝန်ကြီးဌာနမှ e-ID စနစ် အကောင်အထည်ဖော်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောဒေသအတွင်း နိုင်ငံသားစိစစ်ရေးလုပ်ငန်းနှင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်း တို့တွင် NRC မှ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် ဝန်ကြီးဌာနနှင့် NRC တို့အကြား နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ ဖွဲ့စည်းဆောင်ရွက်နိုင်ရေး၊ ဝန်ကြီးဌာနနှင့် NRC တို့အကြား နားလည်မှုစာချွန်လွှာအရ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးကြသည်။
(သတင်းစဉ်)


