နေပြည်တော်  ၁၃   ဇန်နဝါရီ 

 

မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားသူများအနက် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူများအား လူတွေ့မေးမြန်းအကဲဖြတ်ခြင်းကို ယနေ့နံနက် ၁၀ နာရီတွင် ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဗဟိုကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများအား ကျွမ်းကျင်ပညာရှင်၊ ရင်းနှီးမြှုပ်နှံသူ၊ မြန်မာနိုင်ငံသားဟောင်းနှင့် ယင်းတို့နှင့် သွေးချင်းဆက်စပ်သူများဟူ၍ အမျိုးအစား(၄)မျိုးခွဲခြား သတ်မှတ်ကာ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် (Permanent Residence System) ကျင့်သုံး ခွင့်ပြုဆောင်ရွက် ပေးလျက်ရှိပါ ကြောင်း၊ ယင်းကဲ့သို့ လျှောက်ထားသူများအား ထုတ်ပြန်ပြဋ္ဌာန်းထားသည့် နည်းဥပဒေနှင့်အညီ ဖြစ်စေရေးအတွက် လုပ်ငန်းကော်မတီ၊ ဗဟိုကော်မတီတို့မှ အဆင့်ဆင့် စိစစ်ရွေးချယ်ကာ လူတွေ့မေးမြန်း အကဲဖြတ်၍ အဆင့်ဆင့်အတည်ပြုပြီး အမြဲနေထိုင်ခွင့် ခွင့်ပြု ပေးခြင်းဖြစ် ကြောင်း၊ ယခု လူတွေ့စစ်ဆေးခြင်းကို လုပ်ငန်းကော်မတီနှင့် ဗဟိုကော်မတီတို့မှ အဆင့်ဆင့်စိစစ် ပြီးဖြစ်သည့် အမြဲနေထိုင်ခွင့်လျှောက်ထားသူ (၁၈) ဦးအား လူကိုယ်တိုင် တွေ့ဆုံမေးမြန်း အကဲဖြတ်ကာ အမြဲနေထိုင်ရန် ခွင့်ပြုသင့်၊ မပြုသင့်ကို ကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်း အကဲဖြတ် အကြံပြုဆွေးနွေးပေးကြ ရန် ဖြစ်ပါကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။

 

ထို့နောက် အကောင်အထည်ဖော်ရေးဗဟိုကော်မတီ အတွင်းရေးမှူးကိုယ်စား လုပ်ငန်း တာဝန်ခံက နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားမှုနှင့် ဗဟိုကော်မတီမှ စိစစ်ပြီးသူများအား  လူတွေ့ မေးမြန်းအကဲဖြတ်ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးနှင့် ကော်မတီဝင်များသည် လူတွေ့အကဲဖြတ်ခံရမည့် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်လျှောက်ထားသူများအား တစ်ဦးချင်းတွေ့ဆုံ၍ ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များ၊ ပြဋ္ဌာန်းထားသည့်နည်းဥပဒေများအပေါ် သိရှိလိုက်နာဆောင်ရွက်နိုင်ရေး အခြေအနေများကို မေးမြန်းဆွေးနွေးကာ အကဲဖြတ် အတည်ပြုဆုံးဖြတ်ကြသည်။

 

မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာလုပ်ငန်း စတင်ဆောင်ရွက်သည့် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ (၂၉)ရက်မှ ယခုအထိ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထားသူ စုစုပေါင်း (၆၄၈)ဦးရှိသည့်အနက် (၅၉၁)ဦးအား ခွင့်ပြုပေးခဲ့ပြီး  နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လက်မှတ်နှင့် ကတ်ပြားများထုတ်ပေး ဆောင်ရွက်လျက်ရှိသည်။ ယနေ့တွင် ဗဟိုကော်မတီမှ စိစစ် အတည်ပြုပြီးသူများအနက် ရင်းနှီးမြှုပ်နှံသူ (၁) ဦး၊ မြန်မာနိုင်ငံသားဟောင်း (၁၃) ဦး၊ ယင်းတို့နှင့် ဆက်စပ်သူနိုင်ငံခြားသား (၄) ဦး၊ စုစုပေါင်း နိုင်ငံခြားသား (၁၈)ဦးအား လူတွေ့မေးမြန်းအကဲဖြတ် အတည်ပြုဆောင်ရွက်မည်ဖြစ်ပြီး အတည်ပြုပြီးပါက အထက်အဆင့်ဆင့်သို့ တင်ပြ၍ နေထိုင်ခွင့် လက်မှတ်နှင့် ကတ်ပြားများထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)