နေပြည်တော် ၁၉ နိုဝင်ဘာ
ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကောက်ယူရေး ဗဟိုကော်မတီဥက္ကဋ္ဌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနား မြို့နယ်၊ ရွာကောက်ရပ်ကွက်သို့ ရောက်ရှိပြီး ကောက်ကွက်အမှတ်(၂၉)အတွင်း ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း၊ စာရင်းစစ်၊ စာရင်းကောက်များက ဒေသခံပြည်သူများအား လူဦးရေသန်းခေါင်စာရင်းဆိုင်ရာ မေးခွန်းများ မေးမြန်းကောက်ယူနေမှုကို ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ရွာကောက်ရပ်ကွက်၊ ကောက်ကွက်အမှတ် (၂၉) အဆောက်အဦအမှတ် (၁၂၀) ၌ တာဝန်ကျစာရင်းကောက်က အိမ်ရှင်အား သန်းခေါင်စာရင်းဆိုင် ရာမေးခွန်းများအားမေးမြန်း၍ ဖြေကြားချက်များအား Mobile Tablet ဖြင့် ရေးသွင်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး နိုင်ငံတော်အစိုးရ၏ မူဝါဒများ ရေးဆွဲချမှတ်နိုင်ရေးနှင့် စီမံကိန်းများ ရေးဆွဲဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့်အချက်အလက်များကို မေးမြန်းခြင်းဖြစ်သဖြင့် မှန်ကန်စွာဖြေကြားပေးခြင်းဖြင့် နိုင်ငံတော်အကျိုး ဝိုင်းဝန်းသယ်ပိုး ထမ်းဆောင်ခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဆောက်အဦအမှတ် (၉၅) ၌ တာဝန်ကျ စာရင်းကောက်က ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း မေးခွန်းများ မေးမြန်းကောက်ယူနေမှုကို လည်းကောင်း၊ အဆောက်အဦ (၁၅၇) ၌ တာဝန်ကျစာရင်းစစ်နှင့် စာရင်းကောက်တို့က ကြားဖြတ်သန်းခေါင်စာရင်း မေးခွန်းများ မေးမြန်းကောက်ယူနေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးကာ ပြည်ထောင်စုဝန်ကြီးက တာဝန်ကျစာရင်းစစ်၊ စာရင်းကောက်များအား သတ်မှတ်မေးခွန်းများ စနစ်တကျမေးမြန်း၍ ဖြေကြားချက်များအား ဖြည့်သွင်းနိုင်ရေး၊ နိုင်ငံတော်အတွက် လိုအပ်သည့်မေးမြန်းချက်များ ဖြစ်သည်နှင့်အညီ မထပ်မကျန်ရေးအတွက် ဂရုပြုမေးမြန်းဆောင်ရွက်ရေးမှာကြားကာ အိမ်ရှင်ပြည်သူများအား မေးခွန်းများကိုမှန်ကန်စွာ ဖြေကြားခြင်းဖြင့် နိုင်ငံတော်အတွက် အကျိုးပြုလုပ်ငန်းစဉ်ကို တစ်တပ်တစ်အား ဝိုင်းဝန်းကူညီ ထမ်းဆောင်ရာရောက်ပါကြောင်းနှင့် ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူပြု ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများအား ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အဆင်ပြေအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းပံ့ပိုးကူညီ ဆောင်ရွက်ပေးနိုင်ရေး မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကို အသုတ် (၄) သုတ်ခွဲ၍ ကောက်ယူသွားမည်ဖြစ်ပြီး ယခင် ၂၀၁၄ ခုနှစ်ကကဲ့သို့ မေးခွန်းပုံစံစာရွက်ဖြင့် ကောက်ယူခြင်းမျိုးမဟုတ်ဘဲ Mobile Tablet ကိုအသုံးပြုကာ ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်းမေးမြန်း ကောက်ယူသည့်စနစ် (Computer - assisted Personal Interviewing - CAPI) စနစ်ဖြင့် ကောက်ယူသွားမည်ဖြစ်သည်။ ယခု ပထမအသုတ်အဖြစ် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ နေပြည်တော်ကောင်စီနယ်မြေတို့တွင် နိုဝင်ဘာ (၁၈) ရက်မှ ဒီဇင်ဘာ (၁)ရက်အထိ (၁၄) ရက်ကြာ ကောက်ယူနေကြောင်းသိရပြီး နေပြည်တော်ကောင်စီနယ်မြေနယ်မြေတွင် ကောက်ကွက်ပေါင်း (၁၁၄) ကွက်ကောက်ယူမည်ဖြစ်ပြီး ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းအား မေးခွန်းပေါင်း (၁၁၀) ကို မေးမြန်းကောက်ယူလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


