နေပြည်တော် ၂၀ ဇူလိုင်

ရန်ကုန်တိုင်းဒေသကြီးအတွင်း လူဦးရေစာရင်းနှင့် မဲဆန္ဒရှင်စာရင်းဇယား အချက်အလက်များ တိကျမှန်ကန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ တိုင်းဒေသကြီး လူဦးရေနှင့် စာရင်းအင်းအချက်အလက်ဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်မြင့်နှင့် အဖွဲ့ခွဲအဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်နှင့် မြို့နယ်ဦးစီးမှူးများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးခွင့်ရရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်အား ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိမိဌာနဝန်ထမ်းများ ညှိနှိုင်းပူးပေါင်းကာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စီမံချက်များ ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် ပြည်တွင်းနေထိုင်သူများသာမက ပြည်ပရောက် မြန်မာနိုင်ငံသားများ မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာသံရုံးများဖြင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် မကြာသေးခင်က ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများ မဲပေးနိုင်ရေးအတွက်လည်း သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း။

ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လမှ စက်တင်ဘာလကုန်အထိ လူဦးရေစာရင်းကို မြေပြင်ကွင်းဆင်းကောက်ယူကာ မဲဆန္ဒရှင်စာရင်း ပြုစုလျက်ရှိကြောင်းနှင့် ယင်းမဲစာရင်းကို ပိုမိုတိကျ မှန်ကန်စေရေးအတွက် တာဝန်ရှိဌာနများမှ လူအင်အား၊ နည်းပညာအင်အားများဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့်အတွက် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများ ရရှိပြီး ဖြစ်ကြောင်း သိရှိရပါကြောင်း၊ ပထမအကြိမ် မဲစာရင်းကို ဇူလိုင် ၂၅ ရက်တွင် လည်းကောင်း၊ ဒုတိယအကြိမ် မဲစာရင်းကို အောက်တိုဘာလအတွင်းတွင် လည်းကောင်း ထုတ်ပြန်ကြေငြာနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိရာ မိမိတို့ဌာနအနေဖြင့် မဲစာရင်းတွင် ဖြည့်သွင်းရန် ကျန်ရှိသည့် ကိုင်ဆောင်လက်မှတ်အမှတ်များ မှန်ကန်ပြည့်စုံစွာ ဖြည့်သွင်းနိုင်ရေးအတွက် စိစစ်ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် စီမံဆောင်ရွက်နေသကဲ့သို့ ပြည်ထောင်စု အဆင့်တွင်လည်း ဆန္ဒမဲပေးခွင့်ရှိသူ မဲပေးနိုင်ရေး၊ မဲစာရင်းတွင် အမည်စာရင်းပါရှိသော်လည်း ကိုင်ဆောင်လက်မှတ်နံပါတ် ဖြည့်သွင်းရန် ကျန်ရှိသည့် စာရင်းများ ပြန်လည်ဖြည့်သွင်းရေး၊ ကိုင်ဆောင်လက်မှတ် ကွင်းဆင်းထုတ်ပေးရေးနှင့် ကိုင်ဆောင်လက်မှတ် အပြည့်အဝဆောင်ရွက်ထုတ်ပေးနိုင်ခြင်း မရှိပါကလည်း မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ဆောင်ရွက်ပေးမည့် အစီအမံများကို ညှိနှိုင်းဆွေးနွေး ဆောင်ရွက်လျက်ရှိပါကြောင်း။

မဲစာရင်းတွင် ပါရှိသော်လည်း ကိုင်ဆောင်လက်မှတ်နံပါတ် ဖြည့်သွင်းပါရှိခြင်း မရှိသူများကို ယခင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနှင့် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတို့ရှိ စာရင်းများဖြင့် တိုက်ဆိုင်၍ ၎င်းစာရင်းများပါ နံပါတ်များ ဖြည့်သွင်းခြင်းကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုင်ဆောင်လက်မှတ် မှန်ကန်ပြည့်စုံစွာ ဖြည့်သွင်းခြင်းလုပ်ငန်းကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများနှင့် မိမိဌာနမှ ဝန်ထမ်းများက အဓိက ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ ပြောင်းရွှေ့လာသူများအတွက်လည်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ရုံးများနှင့် ချိတ်ဆက်ဆောင်ရွက်ကြရန်လိုကြောင်း၊ ယင်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍ မိမိတို့ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဦးစီးဌာနရုံးများ၌ လက်ရှိအင်အား အပေါ်မူတည်၍ အဖွဲ့(၃)ဖွဲ့ ခွဲကာ ရုံးသို့လာရောက်သူများအတွက် ဆောင်ရွက်ပေးရန် ရုံးထိုင်အဖွဲ့ တစ်ဖွဲ့၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ စာရင်းအရ ကိုင်ဆောင်လက်မှတ် ဖြည့်သွင်းရန် ကျန်ရှိသူများအား စာရင်းဇယားများဖြင့် တိုက်ဆိုင်စစ်ဆေးဆောင်ရွက်ရန် အဖွဲ့တစ်ဖွဲ့နှင့် ကိုင်ဆောင်လက်မှတ် မရှိသေးသူများအတွက် လုပ်ငန်းလိုအပ်ချက်အပေါ် မူတည်၍ ကွင်းဆင်းဆောင်ရွက်မည့် အဖွဲ့တစ်ဖွဲ့ စသည်ဖြင့် အဖွဲ့(၃)ဖွဲ့ခွဲကာ တိုင်းဒေသကြီး/ ပြည်နယ်အားလုံး၌ စီမံချက်ရေးဆွဲ ဆောင်ရွက်ကြရန် စိစဉ်ထားပြီးဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်ကို ယခင်ဆောင်ရွက်မှုများထက် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကြီးကြပ်ဆောင်ရွက်သွားရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းကိုလည်း အသိပေးပြောကြားလိုပါကြောင်း၊ မိမိတို့ လုပ်ငန်းများသည် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စာရွက်စာတမ်း အထောက်ထားများအပေါ် အခြေခံ ဆောင်ရွက်ရသည့်အတွက် အချိန်အတိုင်းအတာတစ်ခုအထိ ကြန့်ကြာမှုရှိသော်လည်း မြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်ရေးအတွက် အလေးထားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

တိုင်းဒေသကြီး စာရင်းအရ မဲစာရင်းတွင် ကိုင်ဆောင်လက်မှတ်များ ထပ်နေခြင်း၊ မြို့နယ်တစ်ခုထက် ပိုမိုပါဝင်နေသူများ ပါရှိနေခြင်း၊ နံပါတ်များ မှားယွင်းဖြည့်သွင်းထားခြင်း တို့ကြောင့် မိမိတို့ဌာနရှိ ရုံးလက်ခံ မှတ်တမ်းများနှင့် စိစစ်အတည်ပြုပြီး အသေးစိတ် အမည်စာရင်းများဖြင့် စိစစ်ဆောင်ရွက်ပေးခဲ့ရာ အချိန်တိုအတွင်း မှန်ကန်သောစာရင်းများ ဖြည့်သွင်းဆောင်ရွက်ပေးပို့ပြီး ဖြစ်ပါကြောင်း၊ အလားတူ အခြားသော တိုင်းဒေသကြီး/ ပြည်နယ်များမှ နံပါတ်များ ပါရှိနေရာ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ မေးမြန်း စိစစ်၍ ရရှိသောစာရင်းများကိုလည်း ပြန်ကြားပေးပို့ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒရှင်စာရင်းအရ ကိုင်ဆောင်လက်မှတ်နံပါတ်များအတိုင်း အတာတစ်ခုအထိ ပြုစုဆောင်ရွက်ပြီး ဖြစ်ကြောင်းကို သိရှိရပါကြောင်း၊ လူဦးရေစာရင်း ကောက်ယူခြင်းနှင့် အခြေခံမဲစာရင်းပြစုခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး၌ သီးခြား Server တစ်လုံးကို အသုံးပြု၍ Databae စနစ်ဖြင့် ထိန်းသိမ်းဆောင် ရွက်လျက်ရှိသည်ကို သိရှိရသည့်အတွက် အချက်အလက် စုဆောင်းမှုတွင် အားကောင်းလျက် ရှိပါကြောင်း၊ ယင်းလုပ်ငန်းဆောင်ရွက်မှုသည် ဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် e-ID ၊ e-Passport စသည့် လုပ်ငန်းများ ဆောင်ရွက်နေမှုအတွက် များစွာအထောက်အကူဖြစ်ပါကြောင်း။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲစာရင်းများ တိကျမှန်ကန်စွာ ဆောင်ရွက်နေသည့်နည်းတူ အခြားသော တိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း တစ်ချိန်တည်း တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအချိန်တွင် မိမိတို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ထမ်းများအားလုံး၏ အဓိက ဦးစားပေးလုပ်ငန်းသည် မဲစာရင်း တိကျမှန်ကန်ရေး၊ မဲပေးခွင့်ရှိသူအားလုံး ကိုင်ဆောင်လက်မှတ် ရရှိရေး၊ မဲပေးခွင့်ရှိသူအားလုံး မဲပေးခွင့် မဆုံးရှုံးစေရေးစသည့် လုပ်ငန်းများပင် ဖြစ်ပါကြောင်း၊ ယခုကာလသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်နေချိန်ဖြစ်သည့်အတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ထမ်းအားလုံးသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ကြရန်လည်း အရေးကြီးပါကြောင်း၊ ယခုလုပ်ငန်းသည် တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့ချင်း ဆောင်ရွက်၍မရဘဲ အဖွဲ့အစည်း အားလုံးက ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှသာ အောင်မြင်နိုင်မည့် လုပ်ငန်းဖြစ်သည်နှင့်အညီ အားလုံးက အမျိုးသားရေး တာဝန်တစ်ရပ်ကို ထမ်းဆောင်နေကြသူများအဖြစ် ခံယူကာ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ရန်ကုန်တိုင်းဒေသကြီးအတွင်း လူဦးရေနှင့်  စာရင်းအင်းအချက်အလက်ဆိုင်ရာ လုပ်ငန်းကော်မတီဖွဲ့စည်းဆောင်ရွက်မှု အခြေအနေတိုင်းအတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ထုတ်ပေးပြီးစီးမှုနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းဇယား အချက်အလက်များ ပြုစုထားရှိမှုအခြေအနေကို လည်းကောင်း၊ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်မြင့်က တိုင်းအတွင်း ဆန္ဒမဲပေးခွင့်ရှိသူများစာရင်း ကောက်ယူမှုနှင့် မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် ဆောင်ရွက်ထားရှိမှု၊ ဆန္ဒမဲပေးခွင့်ရှိသူများစာရင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်များ ဖြည့်သွင်းနိုင်မှုမရှိသည့် စာရင်းနှင့် အချက်အလက်များ မှန်ကန်ပြည့်စုံရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြ ဆွေးနွေးကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဦးစီးမှူး ဦးစောနိုင်က ရန်ကုန်တိုင်းအတွင်း သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးမှု၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်ရေးအတွက် လိုအပ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်များ ဖြည့်သွင်းဆောင်ရွက်နိုင်ရေးနှင့် ကတ်ပြားမရှိသူများအတွက် ကွင်းဆင်းဆောင်ရွက်ပေးမည့်အစီအစဉ် များကို ရှင်းလင်းတင်ပြပြီး တာဝန်ရှိသူများက မဲဆန္ဒရှင်စာရင်းဇယား အချက်အလက်များ တိကျမှန်ကန်စေရေးအတွက် ဆောင်ရွက်မှုများကို ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူတိုင်း မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် မဲစာရင်းအချက်အလက်များ တိကျမှန်ကန်စေရေးအတွက် သက်ဆိုင်ရာ ရွေးကောက်ပွဲအဖွဲ့ခွဲကော်မရှင် အဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးမှူးများ၊ မိမိဌာန ဝန်ထမ်းများ ပေါင်းစပ်ညှိနှိုင်းကာ နိုင်ငံတော်အတွက် အရေးကြီးသည့် အမျိုးသားရေး တာဝန်အဖြစ် ခံယူ၍ တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်