ရန်ကုန် ဖေဖော်ဝါရီ ၂၄
    
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည်ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ထမ်းများကို တွေ့ဆုံသည့် အခမ်းအနားကို  ယနေ့မွန်းလွဲ (၁)နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ဇင်းမင်းရာဇာ ခန်းမ၌ကျင်းပသည်၊၊
        
အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူချုပ်နှင့် အရာထမ်း၊ အမှုထမ်း များ တက်ရောက်ကြသည်။
    
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်ရှိ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် ဉီးစီးဌာနအသီးသီးမှ အရာထမ်း/ အမှုထမ်းများအနေဖြင့် မိမိတို့ဌာနများအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များ၊ ဦးစီး ဌာနနှင့် ကိုယ်စားပြုသောဝန်ကြီးဌာန၏ တာဝန်များကို ကျေပွန်စွာထမ်းရွက်သွား ရန်လိုအပ်ပါကြောင်း၊ တစ်ဦးချင်းအရည်အသွေး မြင့်မားရေးကို တည်ဆောက်ရန်သာမက အစဉ်အမြဲသင်ယူ လေ့လာမှုများကို စိတ်အားထက်သန်စွာဖြင့် ဆောင်ရွက်သွားရန်လို ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံအပေါ်သစ္စာရှိရန် အထူးအရေးကြီးကြောင်းနှင့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင်လည်း ပိုမိုကောင်းမွန်အောင် ဆောင်ရွက် နိုင်ရေး အမြဲစဉ်းစားသုံးသပ်၍ မိမိတို့ဌာနများအလိုက် ညှိနှိုင်းတိုင်ပင်ပြီး ပူးပေါင်း ဆောင်ရွက်သွားကြရန်နှင့် မိမိတို့ဝန်ကြီးဌာန ဂုဏ်မြင့်အောင် ကြိုးပမ်းဆောင်ရွက်သွားရန် အလေးထားပြောကြားသည်။
    
ထို့အပြင် နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးကင်းရှင်းရန်နှင့် တိကျစွာလိုက်နာ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာန၏ သဘောသဘာဝအရ ဝန်ထမ်းများ သည် ပြည်တွင်း/ပြည်ပအလှည့်ကျတာဝန်ထမ်း ဆောင်နေကြသူများဖြစ်၍ မြန်မာနိုင်ငံ၏ ပြည်တွင်း ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို သိရှိနားလည်သဘောပေါက်ထားရန် လိုအပ်သကဲ့သို့ နိုင်ငံတကာရေးရာများကိုလည်း စဉ်ဆက်မပြတ်လေ့လာသိရှိနေရန် လိုအပ်ပါကြောင်း၊ မိမိနိုင်ငံ၏ အခြေအနေအမှန်ကိုသိရှိပြီး နိုင်ငံတကာမျက်နှာစာတွင် အခြားသူများအား နားလည်သဘော ပေါက်အောင် ရှင်းလင်းပြောကြားနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ် ကြောင်း ရှင်းလင်းပြောကြားသည်။
    
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဉီးသန်းဆွေနှင့် ဉီးကိုကိုလှိုင်တို့သည် အမှတ်(၃၇)၊ သံတမန်လမ်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန တိုးချဲ့အဆောက်အဦရှိ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ရုံးတွင် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဥက္ကဋ္ဌနှင့် ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင် များနှင့် ဆက်လက် တွေ့ဆုံဆွေးနွေးသည်။ 
    
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးများက နိုင်ငံတော်အစိုးရ၏ ရပ်တည် ချက်များ၊ မူဝါဒများနှင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ ရှေ့လုပ်ငန်းစဉ်များ နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ပြောကြားကြသည်။
    
တွေ့ဆုံပွဲအခမ်းအနားသို့ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ အမှုဆောင်အဖွဲ့ဥက္ကဋ္ဌဦးသန့်ကျော်၊ ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

(သတင်းစဉ်)