နေပြည်တော် ၂၇  အောက်တိုဘာ

 

(၁၉)ကြိမ်မြောက် အာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဆိုင်ရာဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို လာအိုနိုင်ငံ ဗီယင်ကျန်း မြို့၌ အောက်တိုဘာ ၂၄ ရက်မှ ၂၅ ရက်အထိ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် တက်ရောက်ခဲ့သည်။

 

အဆိုပါ အစည်းအဝေးများ၌ ပြည်ထောင်စုဝန်ကြီးသည် အာဆီယံနိုင်ငံများအတွင်း ဒစ်ဂျစ်တယ် အီကိုစနစ်များ ပေါင်းစပ်ဆောင်ရွက်နိုင်ရေး၊ ဒစ်ဂျစ်တယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းရေး၊ Smart City စနစ်နှင့် တီထွင်ဆန်းသစ်မှုများ ဖွံ့ဖြိုးတိုးတက်လာရေး၊ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ စွမ်းဆောင်ရည်များ မြင့်မားလာစေရန် ပြုစုပျိုးထောင်နိုင်ရေး၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အစီအမံများ အားကောင်းရေးနှင့် ဆိုက်ဘာလုံခြုံ‌ရေးဆိုင်ရာ အခြားဆက်စပ်ကဏ္ဍများနှင့် ချောမွေ့စွာ ဆက်သွယ်ဆောင်ရွက် နိုင်ရေးအတွက် ဆိုက်ဘာလုံခြုံ‌ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်နိုင်ရေးတို့ကို အခြားအာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာဝန်ကြီးများနှင့်အတူ အမြင်ချင်းဖလှယ်၍ ဆွေးနွေးပြောကြားခဲ့သည်။

 

ထို့ပြင် အာဆီယံနိုင်ငံများအတွင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ကဏ္ဍ ဖွံဖြိုးတိုးတက်မှုများနှင့် ပြောင်းလဲတိုးတက်လာသည့် နည်းပညာဆိုင်ရာများအပေါ် အမြင်များ ဆွေးနွေးဖလှယ်ခြင်း၊ ၂၀၁၉ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုများအပေါ် ဆွေးနွေးအတည်ပြုခြင်း၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ နှင့်စပ်လျဉ်း၍ ဆွေးနွေးအတည်ပြုထုတ်ပြန်ခြင်း၊ ဆွေးနွေးဖက်နိုင်ငံများ ဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများနှင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအပေါ် ဆွေးနွေးအတည်ပြုခြင်း၊ အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေး အဖွဲ့ချုပ်နှင့် အာဆီယံ နိုင်ငံများအကြား ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးအတည်ပြုခြင်း၊ ASEAN ICT Award 2019 အတွက် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းနှင့် ဗီယင်ကျန်း ကြေညာစာတမ်းထုတ်ပြန်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

 

ပြည်ထောင်စုဝန်ကြီးသည် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့ရောက်ရှိစဉ် အခြားအာဆီယံနိုင်ငံမှ ဝန်ကြီးများနှင့်အတူ လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. Sonexay Siphandone နှင့် တွေ့ဆုံနှုတ်ဆက်ခြင်းနှင့် 5G Trial Launching အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

 

(သတင်းစဉ်)