နေပြည်တော် ၈ ဒီဇင်ဘာ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ယနေ့တွင် ကိုရီးယားသမ္မတနိုင်ငံ၊ မြေယာ၊ အခြေခံအဆောက်အအုံနှင့် ပို့ဆောင်ရေးဝန်ကြီး Ms. Kim Hyun- mee ၏ ဖိတ်ကြားချက်အရ Online စနစ်ဖြင့် ကျင်းပသည့် 8th Global Infrastructure Cooperation Conference (GICC 2020) ၏ High-Level Bilateral Talks (G2G Meetings) အစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေးတွင် Korea EXIM Bank မှ EDCF ချေးငွေ အမေရိကန်ဒေါ်လာ (၁၂၅) သန်းဖြင့် မန္တလေး-မြစ်ကြီးနား ရထားလမ်းပေါ်ရှိ (၅၄ ဒသမ ၆) ကီလိုမီတာအရှည်ရှိ ဂျိုးထောင်-မဲဇာ၊ မော်ဟန်-ကာဒူ လမ်းပိုင်းကို အဆင့်မြှင့်တင်မွမ်းမံ ဆောင်ရွက်လျက်ရှိသည့် အခြေအနေနှင့် မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းတစ်ခုလုံးအတွက် ဆက်သွယ်ရေးနှင့် အချက်ပြစနစ်များ တပ်ဆင်နိုင်ရေးအတွက် Korea EXIM Bank မှ EDCF ချေးငွေ ထပ်မံရယူနိုင်ရန် မြန်မာနိုင်ငံဘက်မှ အဆိုပြုထားသည့်ကိစ္စ၊ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းရှိ အင်းစိန်ဘူတာနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွင် ကိုရီးယားကုမ္ပဏီများက ပါဝင်ဆောင်ရွက်ရန် စိတ်ဝင်စားမှုရှိသဖြင့် တင်ဒါခေါ်ယူလျှင် ကိုရီးယားကုမ္ပဏီများ ပါဝင်ယှဉ်ပြိုင်နိုင်ရန် ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုရီးယားသမ္မတနိုင်ငံမှ အကူအညီပေးလျက်ရှိသည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ နည်းပညာအကူအညီ၊ ချေးငွေနှင့် ထောက်ပံ့ငွေပေးအပ်လျက်ရှိသည့် ကိစ္စရပ်များအပေါ် နှစ်ဦးနှစ်ဘက် ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ကိုရီးယားသမ္မတနိုင်ငံဘက်မှ Assistant Minister for Infrastructure Affairs, Mr. Kwon Hyuck-Jin တို့ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်


