ရန်ကုန် ၂၅ မတ်
ဆိပ်ကမ်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ခန်းမဆောင်၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က မြန်မာနိုင်ငံ၏ ရေ ကြောင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအခန်းကဏ္ဍတွင် ပါဝင်သော ဆိပ်ကမ်း ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ကြောင်း၊ အချိန်ကာလအလိုက် တိုးတက်ဖွံ့ဖြိုး လာမည့် ရေကြောင်းကုန်စည်များကို ဟန်ချက်ညီညီ ကိုင်တွယ်နိုင်ရန်အတွက် ဆိပ်ကမ်း တံတားများအပါအဝင် ဆိပ်ကမ်းအခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်ချက်များ ကြိုတင်မျှော်တွေး တွက်ဆစီမံဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ USAID မှ ဆိပ်ကမ်းနှင့် ထောက်ပံ့ ဖြည့်ဆည်းစီမံဆောင်ရွက်မှုဆိုင်ရာ ကျွမ်းကျင်သူနှင့် အဖွဲ့က ကနဦးလေ့လာမှုများကို တင်ပြသွားမည်ဖြစ်ကြောင်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ လက်ရှိ အခြေအနေများပေါ် မူတည်၍ ပွင့်ပွင့်လင်းလင်းဆွေးနွေးပြီး အကောင်းဆုံးအဖြေရှာ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် USAID မှ ဆိပ်ကမ်းနှင့် ထောက်ပံ့ဖြည့်ဆည်း စီမံဆောင်ရွက်မှုဆိုင်ရာ ကျွမ်းကျင်သူ Dr.Paul E.Kent က ၎င်းပြုစုလေ့လာထားသည့် အစီရင်ခံစာမှ တွေ့ရှိချက် များကို တင်ပြဆွေးနွေးပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဆောင်သော တာဝန်ရှိသူများက ဆိပ်ကမ်းအာဏာပိုင် နှင့်ဆက်စပ်သည့် အဖွဲ့အစည်း များက ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဖြစ်နိုင်ခြေလေ့လာမှုများ ဆောင်ရွက်ခဲ့သည့် အပေါ်အခြေခံ၍ ရန်ကုန်ဆိပ်ကမ်း၏ အနာဂါတ်မျှော်မှန်းချက်များကို ဆွေးနွေးကြရာ အနာဂါတ် ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေ ဆောင်ရွက်ရမည့် လိုအပ်သော လေ့လာ ဆန်းစစ်မှုများကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် USAID တို့မှပူးပေါင်း၍ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျန်းမာရေးဆိပ်ကမ်းတွင် ဆိုက်ကပ်ထား သော ရန်ကုန်ပင်လယ်ပြင်အခြေစိုက် ရေကြောင်းပြစခန်း(Yangon Fixed Pilot Station) တွင် ဆက်စပ်အသုံးပြုမည့် ရေကြောင်းပြသုံးရေယာဉ် (Pilot Boat) (၃)စင်းကို ကြည့်ရှု သည်။
အဆိုပါ ရေကြောင်းပြသုံး ရေယာဉ်(၃)စင်းသည် ရေကြောင်းပြစခန်းနှင့်တွဲဖက်ပြီး ရေကြောင်းပြလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


