နေပြည်တော် ၉ ဩဂုတ်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် သြဂုတ် ၇ ရက် နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့ ကမ်းပြို ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ဘိုးပိုင်အခြေပြု ကျောက်စီ၊ မြေထိန်း၊ တမံများဆောင်ရွက်နေမှုနှင့် Geo Bag ချခြင်းလုပ်ငန်း ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ စီမံကိန်းရှင်းလင်းဆောင်တွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်၊ တိုင်းဒေသကြီး ဦးစီးမှူးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်း များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ရေရှည်ခံ၍ တိုးတက်သော လုပ်ငန်းမျိုးဖြစ်အောင် အမှားနည်းသည်ထက် နည်းအောင် ကြိုးစားဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ဗိုလ်မြတ်ထွန်းတံတား တည်တံ့ခိုင်မြဲရေးကို ရည်ရွယ်ပြီး မြစ်ချောင်းများသောင်ထွန်းနေသော်လည်း ရေလမ်းကြောင်းဖြောင့်တန်းစွာ စီး ဆင်းနိုင်အောင် ဆောင်ရွက်သွားရန်လိုကြောင်း မြစ်ချောင်းများ ရေစီးရေလာ ကောင်းသည် ထက်ကောင်းအောင် ကြိုးစားလုပ်ဆောင်ကြရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် စံချိန် စံညွှန်းနှင့် ကိုက်ညီအောင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း မှာကြားသည်။
ယင်းနောက် ပုသိမ်မြို့ ပုသိမ်ဘူတာ၌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံစဉ် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့် ဆည်းပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


