နေပြည်တော် ၁၂ ဇန်နဝါရီ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်နှင့်အတူ ယမန်နေ့ ညနေပိုင်းတွင် လူစီးတွဲနှင့် ကုန်တွဲစက်ရုံ (မြစ်ငယ်)သို့ ရောက်ရှိပြီး ကိုရီးယား EDCF နိုင်ငံချေးငွေဖြင့် ဝယ်ယူထားသည့် လေအေးပေးစက်ပါ လေအိတ်အထက်တန်းတွဲ (၁၀)တွဲအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူစီးတွဲနှင့် ကုန်တွဲစက်ရုံ (မြစ်ငယ်)သို့ ရောက်ရှိရာ စက်ရုံတာဝန်ရှိသူများက စက်ရုံနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံလုပ်ငန်းခွင်သို့ သွားရောက်ပြီး EDCF ချေးငွေဖြင့် ဝယ်ယူထားသည့် ကိုရီးယားနိုင်ငံမှ ရောက်ရှိလာသော လေအေးပေးစက်ပါ လေအိတ်အထက်တန်းတွဲ (၁၀)တွဲရောက်ရှိနေမှု၊ စားသောက်တွဲ တည်ဆောက်နေမှု၊ လူစီးတွဲနှင့်ကုန်တွဲစက်ရုံ (မြစ်ငယ်) မှ နိုင်ငံတော်ဘဏ္ဍာငွေဖြင့် တည်ဆောက် ထုပ်လုပ်နေသည့် လေအိတ်ဘူဂီလူ စီးတွဲ(၁၅)တွဲတည် ဆောက်နေမှု၊ တွဲများ တည်ဆောက်ရာတွင် အသုံးပြုသည့် ဂဟေဆော်သည့် စက်ရုပ် Robot အား ကြည့်ရှုစစ်ဆေးပြီး ဆောင်ရွက်နေသည့် လုပ်ငန်းများအရည်အသွေးပြည့်မီရန် သက်မှတ်ကာလ အတွင်းပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့ကို တာဝန်ရှိသူများအား မှာကြားသည်။
အဆိုပါ EDCF ချေးငွေဖြင့်ဝယ်ယူထားသည့် ကိုရီးယားနိုင်ငံမှ ပထမအသုတ် ရောက်ရှိလာသော လေအေးပေးစက်ပါ လေအိတ်အထက်တန်းတွဲ (၁၀) တွဲနှင့် စားသောက်တွဲ(၁)တွဲ၊ ဘရိတ်တွဲ(၁)တွဲတို့အား ချိတ်ဆက်ပြီး မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းတွင် ခရီးသွားပြည်သူများအတွက် ပြေးဆွဲပေးသွားမည်ဖြစ်ပြီး အထက်တန်းတွဲ(၁)တွဲလျှင် (၃၃)ဦးနှုန်းဖြင့် ခရီးသည် (၃၃၀)၊ စားသောက်တွဲ(၁)တွဲ၊ ရိုးရိုးတန်း(၃၃)ဦး စီးနင်းနိုင်သည့် ဘရိတ်တွဲ(၁)တွဲတို့အား မန္တလေး-မြစ်ကြီးနားရထားလမ်းပိုင်း၌ မတ်လဆန်းပိုင်းတွင် ပြေးဆွဲပေးနိုင်ရေး စီစဉ်ထားရှိပြီး ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းသို့ ရောက်ရှိပြီး ကျောင်းရှိ အရာထမ်းအမှုထမ်းများ၊ သင်တန်းသား သင်တန်းသူများအား တွေ့ဆုံစဉ် သင်တန်းသားများအနေဖြင့် ရိုးသားဖြောင့်မတ်မှန်ကန်စွာ ပြောဆိုဆက်ဆံနိုင်ရေး အစဉ်အမြဲကြိုးစားကြရန်၊ ဝန်ထမ်း၊ သင်တန်းသားများ အားလုံး အင်္ဂလိပ်စာနှင့် ကွန်ပျူတာကို လေ့လာသင်ယူကြရန်၊ သက်ဆိုင်ရာဘာသာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စေရန်နှင့် ဗဟုသုတပြည့်ဝသော ဝန်ထမ်းများဖြစ်အောင် ကြိုးစားကြရန် မှာကြားပြီး သင်တန်းကျောင်းအတွင်း လိုက်လံကြည့်ရှု စစ်ဆေခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)