ရန်ကုန် ၁၈ သြဂုတ်
မြန်မာယူနီကုဒ်စံစနစ်သို့ ကူးပြောင်းရေး လုပ်ငန်းစဉ်များ စတင်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ရန်ကုန်မြို့ရှိ MICT Park Conference Hall ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က မြန်မာနိုင်ငံ၏ e-Government လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် မြန်မာယူနီကုဒ်စံစနစ်သို့ ကူးပြောင်းရေးလုပ်ငန်းစဉ် စတင်နေပြီဖြစ်ကြောင်း၊ မြန်မာယူနီကုဒ်ကို ကွန်ပျူတာသုံး မြန်မာစာစံစနစ်အဖြစ် သတ်မှတ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ရုံးဌာနများတွင် ဧပြီ ၁ ရက်မှစတင်၍ ယူနီကုဒ်နိုင်ငံတကာစံ ISO 10646 နှင့်ကိုက်ညီအောင် ဆောင်ရွက်ထားသော Pyidaungsu Font စနစ်ကို အောင်အောင်မြင်မြင် တွင်တွင်ကျယ်ကျယ် အသုံးပြုနေပြီဖြစ်ကြောင်း၊ နိုင်ငံတစ်ဝန်းတွင် စံစနစ်ဖြစ်သော မြန်မာယူနီကုဒ်စနစ်ကို ပြောင်းလဲသုံးစွဲနိုင်ရေးဆောင်ရွက်ရာတွင် ဆက်သွယ်ရေးနှင့် ဆိုရှယ်မီဒီယာများပေါ်တွင် လက်ရှိရေးသား သုံးစွဲလျက်ရှိသည့် မြန်မာစာစနစ်များအစား မြန်မာယူနီကုဒ်စနစ်ကို လာမည့် အောက်တိုဘာ ၁ ရက်မှစပြီး တရားဝင် စတင်ကူးပြောင်းသုံးစွဲနိုင်ရန် စီစဉ်လျက်ရှိပါကြောင်း၊ မကြာမီစတင်မည့် မြန်မာယူနီကုဒ်စံစနစ်သို့ ကူးပြောင်းရေး လုပ်ငန်းစဉ်များသည် မြန်မာနိုင်ငံ၏ e-Government လုပ်ငန်းစဉ်များ အောင်မြင်ရေးနှင့် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အရေးကြီးသည့် ခြေလှမ်းတစ်ရပ် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အများပြည်သူ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝိုင်းဝန်းကူညီပေးကြမည့် အနုပညာရှင်များကို မြန်မာယူနီကုဒ်စံစနစ် ကူးပြောင်းရေးသံတမန်အဖြစ် ခန့်အပ်သည်။
(သတင်းစဉ်)


