နေပြည်တော် ၂၁ မတ်

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားမှ မန္တလေး - မြစ်ကြီးနား လမ်းပိုင်း၌ လေအေးပေးစက်ပါ လေအိတ်တွဲဆိုင်းအသစ်များဖြင့် အမှတ်(၃၁)အဆန်နှင့် အမှတ်(၃၂)အစုန်တို့ စတင်ပြေးဆွဲခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးမြို့ရှိ မန္တလေးဘူတာကြီး၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် တာဝန်ရှိသူများက မွန်းလွဲ(၁)နာရီတွင် မန္တလေးဘူတာမှ စတင်ထွက်ခွာမည့် အမှတ်(၃၁)အဆန်ရထားစီး ခရီးသွားပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

 

မြန်မာ့မီးရထားအနေဖြင့် မန္တလေး - မြစ်ကြီးနား ရထားလမ်းပိုင်းတွင် ယခုပြေးဆွဲပေးသည့် လေအေးပေးစက်ပါ လေအိတ်ရထားတွဲများကို ကိုရီးယားသမ္မတနိုင်ငံ ချေးငွေဖြင့် ဝယ်ယူခဲ့ပြီး အထက်တန်းတွဲ(၁၀)တွဲ၊ စားသောက်တွဲ(၁)တွဲနှင့် လူစီးဘရိတ်တွဲ(၁)တွဲ စုစုပေါင်း(၁၂)တွဲဖြင့် ခရီးစဉ်စ/ဆုံး အထက်တန်း(ထိုင်ခုံ) တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ နှုန်း၊ ရိုးရိုးတန်း(ထိုင်ခုံ) တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် ပြေးဆွဲသွားမည်ဖြစ်သည်။

 

ထိုသို့ ပြေးဆွဲရာတွင် အမှတ် (၃၁) အဆန်ရထားသည် မန္တလေးဘူတာမှ မွန်းလွဲ (၁) နာရီတွင် ထွက်ခွာ၍ မြစ်ကြီးနားဘူတာသို့ နောက်တစ်နေ့ နံနက် ၇ နာရီတွင် ရောက်ရှိမည်ဖြစ်ပြီး အမှတ် (၃၂) အစုန်ရထားသည် မြစ်ကြီးနားဘူတာမှ မွန်းလွဲ(၁)နာရီခွဲတွင် ထွက်ခွာ၍ မန္တလေးဘူတာသို့ နောက်တစ်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်ကာ လမ်းခရီးတွင် ရွှေဘို၊ ကန့်ဘလူ၊ ကောလင်း၊ နဘား၊ မိုးညှင်း၊ ဟိုပင်နှင့် မိုးကောင်းဘူတာများတွင် ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်