ရန်ကုန် ၁၀ ဩဂုတ်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ဩဂုတ် ၈ ရက်က ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ ပုသိမ်ဘူတာ၌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်ဌေး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်း၊ တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့ ကမ်းနားလမ်းအား (၂)လမ်းသွားလမ်းမကြီး ဆောင်ရွက်နေမှု၊ ပုသိမ်မြို့ဆိပ်ကမ်း သာယာလှပရေးအတွက် ဆောင်ရွက်ထားရှိမှု၊ လုပ်ငန်းများပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နတ်မှော်ဘူတာသို့ရောက်ရှိပြီး ဘူတာပတ်ဝန်းကျင် ပြုပြင်ထားရှိမှု၊ ခရီးသည်စီးနှင်းမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး RBE ရထားဖြင့် နတ်မှော်-ဟင်္သာတလမ်းပိုင်းအတွင်း High Tension Bolts နှင့် Nuls များ တပ်ဆင်ပြီး ရထားလမ်းပိုင်း ပြုပြင်ထားရှိမှု၊ တံတားကြီးငယ်များ ဆောင်ရွက်ထားရှိမှု၊ ရထားလမ်းဂိတ်တံခါးများ အသစ်ပြုလုပ်ထားရှိမှု၊ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော ရထားလမ်းများပြုပြင်ထားရှိမှု၊ ဟင်္သာတဘူတာ- နတ်မှော်ဘူတာ- ယုံတလင်းဘူတာကြား ရထားမိုင်နှုန်းတိုးမြှင့် မောင်းနှင်နိုင်ရေး ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဟင်္သာတဘူတာတွင် ဝန်ထမ်းများနှင့် တွေ့ဆုံပြီး “ဝန်ထမ်းတိုင်းသည် မိမိတို့၏ လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ဆောင်ရွက်ရာတွင် ရေသာမခိုသူ၊ ရိုးသားသူ၊ စည်းကမ်းရှိသူ၊ ဥပဒေကို လေးစားလိုက်နာသူများဖြစ်ရန် အထူးလိုအပ်ပါကြောင်း မိမိဌာန ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဝန်ထမ်းတိုင်းတွင် တာဝန်ရှိပါကြောင်း မီးရထားဝန်ထမ်းများအနေဖြင့် မြေယာလျော်ကြေး ပေးအပ်ပြီးသော မြေယာများအား ထိန်းသိမ်းစောင့်ရှောက်သွားကြရန် လိုအပ်ပါကြောင်း” မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မီးဘေးသင့် ဝန်ထမ်းအိမ်ရာများ ပြန်လည်တည်ဆောက်နေမှု၊ ဟင်္သာတမြို့ ဖောင်ဆိပ်ကျေးရွာရှိ ဦးမိုးလေးတာရေတိုက်စားပျက်စီးမှု၊ အရေးပေါ်ယာယီအစီအမံများ ဆောင်ရွက်နေမှု အခြေအနေနှင့် ရေရှည် အစီအမံအနေဖြင့် ရေလမ်းကြောင်းပြုပြင်နိုင်မည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွာပြီး အင်းစိန်စက်ခေါင်းစက်ရုံသို့ ရောက်ရှိကာ ဝန်ထမ်းများအတွက် ဆောက်လုပ်လျက်ရှိသော ဝန်ထမ်းအိမ်ရာများ၊ အင်းစိန်ရထားလမ်း ခုံကျော်တံတားသစ် (မင်းကြီးလမ်း) ဘက်ခြမ်း ချဉ်းကပ်တံတားနှင့် လမ်းသစ်လမ်းဘက်ခြမ်း တံတားများ တိုးချဲ့တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်