ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အတွင်းရှိ လေဆိပ်များ၊ ဘူတာရုံများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ၂၆ ဒီဇင်ဘာ 

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် တို့သည် ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ ဟဲဟိုးလေဆိပ် အဆင့်မြှင့်တင်ခြင်းနှင့် မူဆယ်လေယာဉ်ကွင်းသစ် တည်ဆောက်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးကြသည်။

 

ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ပြည်သူများ အားကိုးရသည့် ဝန်ထမ်းများဖြစ်အောင် ဆောင်ရွက်နေထိုင်သွားကြရန် မှာကြားသည်။

 

ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရွှေညောင်ဘူတာ၊ အောင်ပန်းဘူတာနှင့် ကလောဘူတာတို့ရှိ မြန်မာ့မီးရထားဝန်ထမ်းများကို တွေ့ဆုံ၍ ခရီးသည်များ၏ လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးရန်နှင့် ဘူတာပတ်ဝန်းကျင် သန့်ရှင်းသာယာမှုရှိအောင် ဆောင်ရွက်ကြရန် မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို တို့သည် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံ၍ လွိုင်ကော်လေဆိပ် အဆင့်မြှင့်တင်ရေးနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းပိုင်းဆိုင်ရာများကို မှာကြားသည်။ 

 

(သတင်းစဉ်)