နေပြည်တော် စက်တင်ဘာ ၂၆
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေနှင့်အတူ စက်တင်ဘာ ၂၄ ရက်နံနက်ပိုင်းတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပသည့် (၂၁) ကြိမ်မြောက် တရုတ် - အာဆီယံကုန်စည်ပြပွဲနှင့် တရုတ် - အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီး အစည်းအဝေးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
ဖွင့်ပွဲအခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာ သင်းရှယ်ရှန့်၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဒုတိယဝန်ကြီးချုပ်များ၊ အာဆီယံနိုင်ငံများမှ ဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများမှ ကုန်စည်ပြပွဲဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာသင်းရှယ်ရှန့်၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဒုတိယဝန်ကြီးချုပ်များက အဖွင့်မိန့်ခွန်းပြောကြားကြပြီး မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်နဝါအီဗရာဟင် က ဗီဒီယိုဖိုင်ဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တရုတ်နှင့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များနှင့်အတူ (၂၁) ကြိမ်မြောက် တရုတ် - အာဆီယံကုန်စည်ပြပွဲနှင့် တရုတ် -အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး ကုန်စည်ပြပွဲတွင် ခင်းကျင်းပြသလျက်ရှိသည့် မြန်မာလုပ်ငန်းရှင်များ၏ ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။
ပြပွဲ၌ မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် အာရေဗီးကာကော်ဖီ (Arabica Coffee)၊ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းထွက်ကုန်ပစ္စည်းများ၊ လက်မှုအနုပညာပစ္စည်းများနှင့် ကျောက်မျက်ရတနာများ အပါအဝင် ပြခန်း ၈၄ ခန်း ခင်းကျင်းပြသလျက်ရှိသည်။
အဆိုပါ (၂၁) ကြိမ်မြောက် တရုတ် - အာဆီယံ ကုန်စည်ပြပွဲနှင့် (၂၁) ကြိမ်မြောက် တရုတ် - အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေးကို ချစ်ကြည်ရင်းနှီးမှု၊ ခင်မင်လေးစားမှု၊ ဖွံ့ဖြိုးတိုးတက်မှုများ အပြန်အလှန်ရရှိရန်၊ တရုတ် - အာဆီယံ လွတ်လပ်သောကုန်သွယ်မှုဒေသ ၃.၀ ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ရန်နှင့် တရုတ် - အာဆီယံဒေသတွင်း အရည်အသွေးမြင့် ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်သည်။
စက်တင်ဘာ ၂၃ ရက် ညနေပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နှစ်လိုဖွယ်ရာမြို့ မြန်မာပြခန်းဆောင်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။
သတင်းစဉ်


