နေပြည်တော်၊ ဇန်နဝါရီ ၂၃
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့ မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ်၊ ဘားအံမြို့တွင် တာဝန်ထမ်းဆောင်နေသော စားသုံးသူရေးရာ ဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ဝန်ထမ်းများကို ပြည်နယ်ဦးစီးမှူးရုံး၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် မိမိဝန်ကြီးဌာန၏ လုပ်ငန်းစဉ် (၁၅) ရပ်ကို သိရှိနားလည်ပြီး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဝိရိယစိုက်ထုတ်၍ မိမိ၏ ကိုယ်စွမ်း ဉာဏ်စွမ်းကို မြှင့်တင်ဆောင်ရွက်ရန်၊ ပို့ကုန်တိုးမြှင့်နိုင်ရေးအတွက် ပုဂ္ဂလိကဏ္ဍနှင့် ပူးပေါင်း ဆောင်ရွက်သွားရန်၊ စွမ်းဆောင်ရည်ကောင်းသော ဌာနဖြစ်အောင် ပူးပေါင်းဆောင်ရွက်ရန်နှင့် အဂတိ ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန် မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ပြည်နယ်ဦးစီးမှူးရုံးများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


