နေပြည်တော်  ဖေဖော်ဝါရီ  ၉

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့ နံနက်ပိုင်း တွင် မြိတ်မြို့ နယ်စပ်ကုန်သည်များအသင်းရုံး၌ ဌာနဆိုင်ရာများ၊ ပို့ကုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်များ တင်ပို့ရာတွင် ယခု ဒေသသည် ရေထွက်ကုန်ပစ္စည်းများ အဓိကတင်ပို့သည့်ဒေသဖြစ်ပြီး ပင်လယ်မှ ဖမ်းဆီးရမှုအပြင် မွေးမြူထားသော ရေထွက်ကုန်များကိုပါ ကုန်ကြမ်းအပြင် ကုန်ချောထုတ်လုပ်တင်ပို့သကဲ့သို့ တနင်္သာရီတိုင်းဒေသကြီးတွင် အဓိကစိုက်ပျိုးသော ရော်ဘာကိုလည်း အဆင့်မြှင့်တင်၍တင်ပို့ခြင်း၊ သတ္တုတင်ပို့ခြင်းများကိုလည်း နိုင်ငံတော်၏ စီးပွားရေး ဦးတည်ချက်များနှင့်အညီ အလေးထား ဆောင်ရွက် ကြရန်၊ ပို့ကုန်လုပ်ငန်းရှင်များ အနေဖြင့် ပြည်တွင်းထွက် ထုတ်ကုန်ပစ္စည်းများကို နိုင်ငံတကာ ဈေးကွက်တွင် ကောင်းစွာ ယှဉ်ပြိုင်နိုင်ရန် စံချိန်စံညွှန်းမီ၊ အရည်အသွေးမီ ကုန်ပစ္စည်းများ ပြုပြင်ထုတ်လုပ် တင်ပို့နိုင် ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်၊ ဒေသထွက် ရေထွက်ကုန်များကို ပြည်တွင်း စားသုံး မှုနှင့် ပို့ကုန်တင်ပို့မှုတို့အတွက် အထောက်အကူ ဖြစ်စေရေး ဒေသရှိ အသင်းအဖွဲ့များနှင့် ဈေးကွက်ရှိရာ ဒေသအလိုက် အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ရန်၊ ပို့ကုန်ထုတ်လုပ်သည့် စက်ရုံများအားလုံး ကောင်းစွာလည်ပတ်နိုင်ရေး ကြိုးပမ်းကြရန်၊ စက်ရုံများ၏ ထုတ်လုပ်မှု စွမ်းဆောင်ရည်တိုးမြှင့်ရေး ဆောင်ရွက်ရန်၊ ကုန်သွယ်မှု သတင်းအချက်အလက်များ အချိန် နှင့်တစ်ပြေးညီ သိရှိအောင် ချိတ်ဆက်ဆောင်ရွက်ရန်နှင့် အကြံပြုချက်များကို ဆွေးနွေးပေး ကြရန် ပြောကြားသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပထော်ပတက်ကျွန်းရှိ ပြည့်ဖြိုးထွန်းကုမ္ပဏီ၏ ပုစွန်ထုတ်လုပ် သည့် အအေးခန်းစက်ရုံ၊ ငါးအမှုန့်ကြိတ်စက်ရုံ၊ ပထော်ရေလှောင် တမံတွင် ရေပေါ်၌ ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ဆောင်ရွက်နေမှုနှင့် ပနားမီး ပုစွန်မွေးမြူရေးကန်တို့ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

ထို့နောက် ထူးထူးတိုးကုမ္ပဏီ၏ ငါးအမှုန့်ကြိတ်စက်ရုံနှင့် Texchem Food Myanmar လိမီတက်၏ ရေထွက်ကုန် အအေးခန်းစက်ရုံသို့ ရောက်ရှိရာ တာဝန်ရှိသူများက ပုစွန်မွေးမြူ မှု၊ ကုန်ချောထုတ်လုပ်မှုနှင့် ပြည်ပသို့တင်ပို့ရန် ထုတ်ပိုးနေမှုများကို ရှင်းလင်းတင်ပြသည်။

 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြည်ပဈေးကွက် ပိုမိုရရှိရေး၊ ပို့ကုန်များကို လက်ရှိ တင်ပို့နေသည့် ကုန်သွယ်ဖက်နိုင်ငံများအပြင် နိုင်ငံတကာသို့ ဈေးကွက်ရှာဖွေ ချိတ်ဆက်တင်ပို့နိုင်ရေး ဆောင်ရွက်ရန်နှင့် နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်မည့် အရည်အသွေး ပြည့်မီစေရေး အလေးထား ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)