နေပြည်တော်၊ ဒီဇင်ဘာ ၂၃
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၏ ၄ နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ ညီလာခံ ခန်းမ၌ ကျင်းပသည်။
ဉီးစွာ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ဝန်ကြီးဌာန၏ “စီးပွားရေးဂေဟစနစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခေတ်မီကောင်းမွန်သော မူပိုင်ခွင့်စနစ်တစ်ရပ်တည်ထောင်ရန်” ရည်မှန်းချက်နှင့်အညီ နိုင်ငံတော်ကို အထောက်အပံ့ဖြစ်စေမည့် မူပိုင်ခွင့်စနစ်တစ်ရပ်ကို အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ မူပိုင်ခွင့်ဥပဒေ (၄) ရပ်အနက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေတို့ကို ၂၀၂၃ ခုနှစ်တွင် အာဏာတည်ခဲ့ပြီး၊ ၂၀၂၄ ခုနှစ်တွင် တီထွင်မှုမူပိုင်ခွင့်ဥပဒေ အာဏာသက်ဝင်နိုင်ရေး ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
မူပိုင်ခွင့်လျှောက်ထားချက်များ စစ်ဆေးဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ စစ်ဆေးရေးအရာရှိ ဝန်ထမ်းများအတွက် လိုအပ်သောလူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပြီး ဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့်လည်း စွမ်းရည်ပြည့်ဝသော ဝန်ထမ်းကောင်းများဖြစ်စေရေး အထူးကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ ဦးစီးဌာနအနေဖြင့် မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများကို ပြည်တွင်းတွင်သာမက ပြည်ပနိုင်ငံများအထိ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် သက်ဆိုင်ရာ ဌာနများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်က ချမှတ်ထားသည့် စီးပွားရေးဦးတည်ချက်များ၊ ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် အထောက်အပံ့ဖြစ်စေမည့် ဌာနတစ်ခုအနေဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နိုင်ရေးအတွက် ခိုင်မာသော မူပိုင်ခွင့်စနစ်တစ်ရပ် တည်ထောင်ရေးအတွက်လည်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က မူပိုင်ခွင့်ဦးစီးဌာန၏ မူပိုင်ခွင့်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန၏ မူပိုင်ခွင့်ခရီးလမ်း သမိုင်းမှတ်တမ်း Documentary အားပြသခြင်း၊ ဆုရရှိသူများကိုဆုချီးမြှင့်ခြင်း၊ မွေးနေ့ကိတ်ခွဲခြင်းနှင့် ဂုဏ်ပြု တေးသီချင်းများဖြင့် ဖျော်ဖြေသည်။
အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ညွှန်ကြားရေးမှူးချုပ်များ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းအမှုထမ်းများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်


