နေပြည်တော်၊ ဩဂုတ်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့ ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌  ပို့ကုန်တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ် များနှင့်စပ်လျဉ်း၍ ပို့ကုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံအမှာစကား ပြောကြားသည်။

ဉီးစွာ ပြန်ထောင်စုဝန်ကြီးက  ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၃၅ ရာခိုင်နှုန်းအစား ၂၅ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတ်မှတ်ညွှန်ကြားချက်များအတိုင်း မြန်မာ ကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ပြင်ဆင်သတ်မှတ်ချက်ကို နိုင်ငံတော်မှ ဩဂုတ် ရက်တွင် ထုတ်ပြန်ပေးခဲ့ပြီးဖြစ်သဖြင့် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်ကဏ္ဍတိုးမြှင့်တင်ပို့နိုင်ရေးကို ဘက်ပေါင်းစုံမှ အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ ဆန်၊ ပဲ၊ ပြောင်း၊ ရေထွက်ပစ္စည်း၊ ရော်ဘာနှင့် ကုန်ထုတ်ပစ္စည်း အစရှိသည့် ပို့ကုန်များကို လအလိုက်တင်ပို့ရန် လျာထား သတ်မှတ်ပြီးဖြစ်၍ သတ်မှတ်လျာထားချက်အတိုင်း ပြည့်မီကျော်လွန်စွာ တင်ပို့သွားရန်လိုကြောင်း၊ CMP အထည်ချုပ် လုပ်ငန်းများ၊ ငါး၊ ပုစွန်နှင့် အခြား ရေထွက်ပစ္စည်းများ ပိုမိုတင်ပို့ရန်တို့ကို မဖြစ်မနေ အားသွန်ခွန်စိုက် ဆောင်ရွက်စေလိုပါကြောင်း၊ ပြည်တွင်း MSME စက်မှုလုပ်ငန်းများကို အားပေး ဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်နိုင်ရေးကိုလည်း ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်းနှင့် တိုက်တွန်းလိုပါကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဇူလိုင်၂၉ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (/၂၀၂၄) တွင် ၂၀၂၄ ခုနှစ်၊ ဧပြီ၊ မေ၊ ဇွန် သုံးလအတွင်း ပြည်တွင်း၊ ပြည်ပကုန်သွယ်ရေးများကို ပင်လယ်ရေကြောင်းမှ ဆောင်ရွက်ခဲ့မှုများ ရှိသကဲ့သို့ နယ်စပ်ဒေသမှလည်း ကုန်သွယ်မှုများဆောင်ရွက်ခဲ့ပြီး ကိန်းဂဏန်းများအရ အပေါင်း လက္ခဏာရှိခဲ့ကြောင်း၊ သို့သော်နယ်စပ်ဒေသများမှ တရားမဝင် ကုန်သွယ်မှုများရှိနေသည်ကိုလည်း နေ့စဉ်သိရှိနေရကြောင်း၊ တရားမဝင် ကုန်သွယ်မှုကြောင့် နိုင်ငံ့စီးပွားရေးကို ထိခိုက်စေလျက်ရှိကြောင်း၊ ကုန်သွယ်မှုနှင့် ပတ်သက်၍ အလေးထားဆောင်ရွက်ရန် လိုအပ်လျက်ရှိနေသေးကြောင်း၊ နယ်စပ် ကုန်သွယ်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင် မှန်မှန်ကန်ကန်ဖြစ်ရန်လိုကြောင်းလမ်းညွှန်မှာကြား ခဲ့ကြောင်း၊ လမ်းညွှန်မှာကြားချက်များနှင့်အညီ ကုန်သွယ်မှုနှင့်ပတ်သက်၍ မှန်မှန်ကန်ကန်နှင့် မြန်မြန် ဆန်ဆန်ဖြင့် အလေးထားဆောင်ရွက်ရန်နှင့် ဆောင်ရွက်ရာတွင် နိုင်ငံ့စီးပွားရေးကို တိုးတက်အောင် ကြိုးစားဆောင်ရွက်ရန် ထပ်လောင်းတိုင်းတွန်းလိုပါကြောင်း မှာကြားသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် ညီနောင်အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများ၊ ပို့ကုန်လုပ်ငန်းရှင်များက သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)