နေပြည်တော်    နိုဝင်ဘာ  ၂၉

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ဝန်ကြီးဌာနကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ဘော်လီဘော (အမျိုးသား/အမျိုးသမီး)၊ ဖူဆယ်၊ ပိုက်ကျော်ခြင်းနှင့် ပြေးခုန်ပစ်အားကစားသမားများ စခန်းသွင်းလေ့ကျင့်နေမှုနှင့် လက်ရည်စမ်းယှဉ်ပြိုင်မှုတို့ကို ယနေ့တွင် သွားရောက်ကြည့်ရှုအားပေးသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ကျင်းပသည့် ဖူဆယ်ပြိုင်ပွဲတွင် ဝန်ကြီးဌာန ကိုယ်စားပြုအသင်းနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အသင်းတို့၏ ယှဉ်ပြိုင်မှုကိုလည်းကောင်း၊ ပျဉ်းမနား ပေါင်းလောင်းအားကစားကွင်း၌ ကျင်းပသည့် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဝန်ကြီးဌာန ကိုယ်စားပြု အသင်းနှင့် နေပြည်တော်ကောင်စီနယ်မြေ ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်နေမှုကိုလည်းကောင်း ကြည့်ရှု အားပေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်  စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန၌ ပြုလုပ်သည့် ဝန်ကြီးဌာန ကိုယ်စားပြု ပြိုင်ပွဲဝင်အားကစားသမားများနှင့် တွေ့ဆုံပွဲသို့တက်ရောက်ရာ ပြည်ထောင်စုဝန်ကြီး က အသင်းအဖွဲ့စိတ်ဓာတ်၊ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ဝန်ကြီးဌာနဂုဏ်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အားကစားသမားများဖြစ်အောင် ကြိုးစားယှဉ်ပြိုင်သွားကြရန်နှင့် ဝန်ကြီးဌာနအတွက် ထိုက်တန်သည့် ဆုတံဆိပ်များရရှိအောင် ကြိုးစားသွားကြရန် အားပေးစကားပြောကြားပြီး အားကစားသမားများအတွက် လေ့ကျင့်ရေးဝတ်စုံ၊ ပြိုင်ပွဲဝင် ဝတ်စုံနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများနှင့် နေ့လယ်စာ အတူတကွ သုံးဆောင်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)