နေပြည်တော် မေ ၁၇
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လိုအပ်သည့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများကို အများပြည်သူများ ဈေးနှုန်းမှန်ကန်စွာနှင့် အရည်အသွေးပြည့်မီစွာ ဝယ်ယူနိုင်ရေး ရည်ရွယ်၍ နေပြည်တော် ဥပ္ပါတ သန္တိစေတီတော် တပေါင်းကွင်း၌ ကျင်းပပြုလုပ်လျက်ရှိသည့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ ရောင်းချပေးလျက်ရှိသည့် အရောင်း ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အရောင်းပြခန်းများ၌ ပြသရောင်းချလျက်ရှိသော ဘိလပ်မြေ ရောင်းဝယ်မှုအခြေအနေများ၊ သံ၊ သံမဏိပစ္စည်း ရောင်းချမှုအခြေအနေ၊ ဆောက်လုပ်ရေးလုပ်ငန်း သုံးပစ္စည်းများနှင့် သုတ်ဆေးများ ရောင်းချနေမှု အခြေအနေများ၊ အိမ်တွင်းအလှဆင်ပစ္စည်း ရောင်းချရမှု အခြေအနေများ၊ လုပ်ငန်းသုံး မီးစက်ရောင်းချနေမှု အခြေအနေများ၊ အဆောက်အအုံ ဆောက်လုပ်ရာတွင် အသုံးပြုသည့် သံလုံးအရစ်ဖော်စက်နှင့် သံလုံးဖြတ်စက်၊ သံချည်သံကွေး စက်၊ စတားကွင်းရိုက်စက်ဖြင့် ပုံဖော်ခြင်းလုပ်ငန်း လက်တွေ့ သရုပ်ပြလုပ်ဆောင်နေမှု အခြေအနေများကို ကြည့်ရှုပြီး ရောင်းချပွဲသို့ လာရောက်ကြသည့် ရဟန်းရှင်လူပြည်သူများကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးရေး တာဝန်ရှိသူများအား မှာကြားသည်။
အဆိုပါရောင်းချပွဲ၏ ဆဋ္ဌမမြောက်နေ့အဖြစ် ယနေ့တွင် လုပ်ငန်းသုံးပစ္စည်းများအား ကုမ္ပဏီ ၆၁ ခုမှ ပြခန်းပေါင်း ၇၄ ခုဖြင့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများကို ခင်ကျင်းပြသရောင်းချပေးလျက် ရှိပြီး အဆိုပါ ရောင်းချပွဲကို မေ ၁၈ ရက်အထိ ပြသရောင်းချပေးမည် ဖြစ်ကြောင်း နှင့် ပြည်သူများ အနေဖြင့် သက်သာသော ဈေးနှုန်းဖြင့် လွတ်လပ်စွာ ဝယ်ယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်