နေပြည်တော် ဇန်နဝါရီ ၆
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာ ယာစက်မှုဇုန်ရှိ Bright Light Group Ltd ၏ ပဲသန့်စင်စက်ရုံသို့ ရောက်ရှိပြီး စက်ရုံအတွင်း ပြည်တွင်း စားသုံးရန်နှင့် ပြည်ပသို့ တင်ပို့ရန်အတွက် ပဲများသန့်စင်ကြိတ်ခွဲထုတ်ပိုးနေမှုနှင့် သန့်စင်ပြီး ပဲသိုလှောင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှု့စစ်ဆေးစဉ်ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းစားသုံးမှု ဖူလုံမှုရှိရေးကို ဦးစားပေးဆောင်ရွက်ရန်၊ ပြည်တွင်းစားသုံးမှုပိုလျှံမှသာ ပြည်ပသို့ ပို့ကုန်အဖြစ် ပိုမိုတိုး မြှင့်တင် ပို့နိုင်ရေးဆောင်ရွက်ရန်၊ ပြည်ပသို့တင်ပို့ရာတွင် အတားအဆီးနှင့်ကန့်သတ်ချက်များလျှော့ချရန်၊ ဈေးကွက်ရရှိရေးနှင့် တန်းတူ အခွင့်အရေးရရှိရန်၊ အဆင့်မီပို့ကုန်များရရှိရေးအတွက် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်၍ စက်ပစ္စည်းများ အရည်အသွေးမြှင့်တင်ရန်၊ အလွှာပေါင်းစုံပူးပေါင်းဆောင်ရွက်ရန်တို့ကို မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် Arkar Oo Co.Ltd., ၏ ပဲသန့်စင် စက်၊ ပဲအချောထည်စက်ရုံသို့ ရောက်ရှိပြီး စက်ရုံအတွင်း ပြည်ပသို့တင်ပို့ရန် ပဲများ ကြိတ်ခွဲထုတ်လုပ်နေမှု၊ ထုတ်ပိုးပြီး တင်ပို့ရန် ပြင်ဆင်သိုလှောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး အရည်အသွေး စံချိန်စံညွှန်း ပြည့်မီစေရန်၊ ပိုးသတ်ဆေးဓာတ်ကြွင်းများ မကျန်ရှိစေရန်နှင့် သီးနှံများ တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်တင်ပို့ရောင်းချရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးတင်အေး နှင့်အတူ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် ဆားမလောက်ကျေးရွာရှိ Good Brother’s Co.Ltd., ၏ အဆင့်မြင့်ဆန်စက်သို့ ရောက်ရှိ ပြီး စက်ရုံအတွင်း ပြည်တွင်း ဖြန့်ဖြူးရန်နှင့် ပြည်ပသို့ တင်ပို့ရန်အတွက် အဆင့်မြင့်ဆန်များ သန့်စင် ခြင်း၊ ထပ်မံကြိတ်ခွဲခြင်း၊ ဆန်ကွဲခွဲထုတ်ခြင်း၊ ဆန်အရောင်တင်ခြင်းနှင့် အရောင်ခွဲခြားခြင်း၊ သတ်မှတ် အရည်အသွေးပြည့်မီရေးစစ်ဆေးခြင်း၊ အိတ်သွပ်ထုတ်ပိုးခြင်း လုပ်ငန်းစဉ်များ၊ တိရိစ္ဆာန်အစားအစာအတွက် သိုလှောင်ထားရှိခြင်း၊ စပါးခွံ လောင်စာတောင့်ထုတ်လုပ်ခြင်းတို့အား ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်တုန်းမြို့ရှိ ဝန်ကြီးဌာနပိုင် ဧက-၁၀၀ ငါးမွေးမြူရေးကန်များကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းသက်သာရန်ပုံငွေတိုးပွားရေးအတွက် ငါးများ ပိုမိုမွေးမြူထုတ်လုပ်ရန်နှင့် လိုအပ်သည်များ မှာကြားသည်။
ပြည်ထောင်စုဝန်ကြီးနှင်အဖွဲ့သည် ညနေပိုင်းတွင် ပန်းတနော်မြို့ရှိ Globle Earth Agro and Aqua ရေထွက်ကုန်ပစ္စည်းထုတ်လုပ်ရေးစက်ရုံသို့ရောက်ရှိပြီး စက်ရုံအတွင်း ပြည်ပသို့တင်ပို့ရန်အတွက် ရေထွက်ကုန်ပစ္စည်းများ ထုတ်လုပ်နေမှုအဆင့်ဆင့်နှင့် ပြင်ဆင်ထားရှိမှုကို ကြည့်ရှုအားပေးပြီး ပြည်ပဈေးကွက် ရရှိအောင်ဆောင်ရွက်ရန်၊ မှန်ကန်သည့် ကုန်သွယ်မှုဖြစ်ပေါ်စေရေးနှင့် ဒေသတွင်း ကုန်သွယ်ဖက် နိုင်ငံများနှင့်သာမက နိုင်ငံတကာနှင့် ပူးပေါင်းချိတ်ဆက်၍ ရေထွက်ကုန်ပစ္စည်းများ တင်ပို့နိုင်ရန်၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေး ပြည့်ဝစေရန်တို့ကို အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်မြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီး မှူးရုံးတွင် ဝန်ထမ်းများအား တွေ့ဆုံ၍ လုပ်ငန်းတာဝန်များကို စေတနာထားဆောင်ရွက်ကြရန်၊ အဂတိလုံးဝကင်းရှင်းရန်နှင့် ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စွမ်းအားပြည့်ဆောင်ရွက်ကြရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်