နေပြည်တော် ဖေဖော်ဝါရီ ၁၀

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ သည် ယနေ့ နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်မြိတ်မြို့ရှိ စားသုံးသူရေးရာ ဦးစီးဌာနရုံး၌ စားသုံးသူရေးရာဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာန မြိတ်ကုန်သွယ်ရေးစခန်းတို့မှ  တာဝန်ခံရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ၍ ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့ စေရေး၊ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး၊ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွား‌ရေးလုပ်ငန်း (MSMEs) များ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်ရန်နှင့် တရားမဝင်ကုန်သွယ်မှုများ ပပျောက်စေရေးအတွက် လုပ်ထုံးလုပ်နည်း၊ လမ်းညွှန်ချက်များနှင့်အညီ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကတန်ကျွန်းရှိ ပြည့်ဖြိုး ထွန်း International Co., Ltd. မှ ခေတ်မီရေငန်ပုဇွန်မွေးမြူနိုင်ရန်အတွက် အမှတ် (၄) ပုဇွန်ကန်မွေး မြူရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ ပြည်တွင်းစားသုံးမှု ဖူလုံစေရန်နှင့် နိုင်ငံခြားငွေရရှိမှု ပိုမိုတိုးတက်စေရန်၊ ပြည်ပသို့ပိုမိုတိုးမြှင့်တင်ပို့နိုင်ရန်အတွက် ပုစွန်များကို ပိုမိုတိုးချဲ့မွေးမြူနိုင်ရေးဆောင်ရွက်ရန်၊ ခေတ်မီနည်းပညာများကို အသုံးပြု မွေးမြူရန်နှင့် လူသားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရန်၊ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများတိုးတက်စေရန်နှင့် လူမှုအကျိုးပြုလုပ်ငန်းများ ပိုမိုတိုးမြှင့် ဆောင်ရွက်ရန်တို့ကိုမှာကြားပြီး ပြည့်ဖြိုးထွန်းကုမ္ပဏီ၏ ကတ္တလူပုဇွန်ကန်များကို သွားရောက် ကြည့်ရှုသည်။

အဆိုပါစီမံကိန်းဧရိယာသည် ၄၀၇ ဧကကျယ်ဝန်းပြီး ပုစွန်ကန်ပေါင်း ၇၆ ကန်ဖြင့် တစ်နှစ်လျှင် ပုစွန်တန်ချိန် ၆၀၀၀ ကျော် မွေးမြူထုတ်လုပ်နိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြိတ်မြို့ ကလွင်ကျေးရွာရှိ ဖိုးလမင်းကုမ္ပဏီ၏  ‌ရော်ဘာမှိုင်းခံစက်ရုံတွင် ရော်ဘာများကို မှိုင်းခံ၍ ပြည်ပသို့ တင်ပို့ရောင်းချမည့် ကုန်ချော အဆင့်ထိ ဆောင်ရွက်နေမှုအလုပ်ငန်စဉ်အဆင့်ဆင့်ကို ကြည့်ရှုပြီး ပြည်ပသို့ စနစ်တကျ  တင်ပို့ရေး၊ ဒေသတွင်း တရားမဝင်တင်ပို့မှုမဖြစ်ပေါ်စေရေး၊ ပြည်ပစျေးကွက်များ ထိုးဖောက် ရှာဖွေရေး၊ သတ်မှတ်လျာထားချက်ထက်ပိုမိုတင်ပို့နိုင်ရေး၊ ပြည်တွင်းထုတ်လုပ်မှု ကုန်ကျ စရိတ်လျှော့ချနိုင်ရေး နည်းလမ်းရှာဖွေဆောင်ရွက်ရန်တို့ကို မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြိတ်မြို့ ကျွဲကူးကျောက်ဖျာ အထူးဆိပ် ကျေးရွာသို့ ရောက်ရှိပြီး ဖိုးလမင်းဆိပ်ခံတံတားတွင် ဖိုးလမင်းကုမ္ပဏီမှ ရော်ဘာကုန်ချော ထုတ်ကုန် (Mixtures of Natural Rubber and Synthetic Rubber- SBR) မတ်ထရစ်တန် ၁၄၁၁ ဒသမ ၂၀ ကို “MV SMART LINE 003” ကုန်တင်ရေယာဉ်ဖြင့် မလေးရှားနိုင်ငံသို့တင်ပို့ရန် ဆောင်ရွက်နေမှုနှင့် ရော်ဘာသိုလှောင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်