နေပြည်တော် အောက်တိုဘာ ၃၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဌနှင့်အတူ ယနေ့နံနက်ပိုင်းက အထက် ပေါင်းလောင်းဆည် သို့ ရောက်ရှိကြပြီး ဆည်အတွင်း၌ ရေပေါ်လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူရေးလုပ်ငန်း စံပြဆောင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးကာ ရေပေါ်လှောင်အိမ်အတွင်းသို့ ငါးသားပေါက်များ မျိုးစိုက် ထည့်ပေးခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အထက်ပေါင်းလောင်းဆည်အနီးရှိ ဒေသနေ ပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ဒေသနေပြည်သူများ အာဟာရပြည့်ဝရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ ဝင်ငွေ တိုးတက် ရရှိရေး နှင့် လူနေမှုစနစ် မြင့်မားရေးတို့ကို ရည်ရွယ်၍ ရေပေါ်လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် စံနမူနာ ဆောင်ရွက်ပြသပေးသကဲ့သို့ လိုအပ်သည့် ငါးသားပေါက်များ ၊ ရေပေါ်လှောင်အိမ်ပြုလုပ်သည့် ပိုက်ကွန်များ၊ နည်းပညာနှင့် အကူအညီများကို မိမိတို့ဝန်ကြီးဌာနက ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ အရင်းအနှီးအတွက် အသေးစား ချေးငွေရရှိရေး၊ ဈေးကွက်ရရှိရေးလုပ်ငန်းများကို သက်ဆိုင်ရာ အသင်းအဖွဲ့များနှင့် ချိတ်ဆက် ဆောင်ရွက်ပေးမည်ဖြစ်ပြီး၊ အသင်းအဖွဲ့ပုံစံဖြင့် စုပေါင်းဆောင်ရွက်လိုပါက သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဌက ဒေသနေပြည်သူများနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များပူးပေါင်းဆောင်ရွက်နိုင်မှုနှင့် လိုအပ်ချက်များ အပြန်အလှန် ကူညီပေးနိုင်မည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ဈေးနှုန်းသက်သာပြီး အရသာကောင်းမွန်သောငါးများကို လူတိုင်း လုံလောက်စွာ စားသုံးနိုင်ကြစေရန်၊ ဒေသတွင်း ငါးထုတ်လုပ်မှု တိုးတက်ပြီး ငါးဈေးနှုန်းများ တည်ငြိမ်ကျဆင်းလာစေရန်၊ နေရာကျဉ်းကျဉ်းတွင် မွေးလွယ်သိမ်းလွယ် လုပ်ကိုင်နိုင်သဖြင့် တစ်ပိုင်တစ်နိုင် မွေးမြူလုပ်ကိုင်လိုသူများ ရိုးရှင်းလွယ်ကူစွာ မွေးမြူထုတ်လုပ်လာကြစေရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက အခြေအနေပေးသည့် ဆည်ရေလှောင်တမံနှင့် သဘာဝရေပြင်ကျယ်များတွင် ရေပေါ် လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နိုင်ရေးကို တိုးချဲ့ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ တည်ရှိဆဲ ရေချိုရေပြင် အရင်းအမြစ်များကို အသုံးပြု၍ ရင်းနှီးမြုပ်နှံမှု ကုန်ကျစရိတ် သက်သာစွာ လုပ်ကိုင်နိုင်သဖြင့် ဒေသနေပြည်သူများကို ဦးစားပေး လုပ်ကိုင်ခွင့်ပြုပေးသည့်နည်းတူ စီးပွားဖြစ် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လိုသူများကိုလည်း ဖိတ်ခေါ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


