နေပြည်တော်၊ ဇွန် ၂၂

 

စိုက်ပျိုးမွေးမြူရေး အခြေခံသော ဒေသစီးပွားရေးဖွံ့ဖြိုးမှုဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမဆောင်၌ ကျင်းပသည်။

 

တွေ့ဆုံပွဲသို့  ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)မှ ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ကြသည်။

 

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး က ဈေးကွက်ဝင် ဈေးကောင်းရ တန်ဖိုးမြင့်သီးနှံများ ကျယ်ကျယ် ပြန့်ပြန့်စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သောနည်းပညာနှင့် အကူအညီများ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ ငါးမွေးမြူရေးလုပ်ငန်းနှင့် တိရိစ္ဆာန် မွေးမြူရေးလုပ်ငန်းများအတွက် နည်းပညာနှင့် လိုအပ်ချက်များ ကူညီပေးနိုင်ရေး၊ ပြောင်းဖူးစိုက်ပျိုးထုတ်လုပ်မှုအတွက် လိုအပ်သော အခြောက်ခံစနစ်၊ သိုလှောင်ထိန်းသိမ်းနည်း၊ ကုန်ချောထုတ်လုပ်နည်းပညာများ အသုံးပြုနိုင်ရေးအပြင် စိတ်ဝင်စားသည့် ပြည်တွင်း ပုဂ္ဂလိက ရင်းနှီးမြုပ်နှံမှုများ ဆောင်ရွက်နိုင်ရေးတို့ကို ချိတ်ဆက်ကူညီပေးသွားမည်ဖြစ်ကြောင်း၊ ဒေသ၌ စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် ရာသီသီးနှံနှင့် သစ်သီးဝလံများအပြင် မြေပြန့်ကော်ဖီနှင့် ကိုကိုးသီးနှံကဲ့သို့သော နှစ်ရှည်သီးနှံများ စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်လိုပါက မြေယာအသုံးပြုခွင့်၊ မျိုးရရှိရေး နှင့် နည်းပညာအကူအညီများ ပေးအပ်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဟင်းသီးဟင်းရွက်မျိုးစေ့များနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံး ကိရိယာ များကို လက်ဆောင်အဖြစ်ပေးအပ်ရာ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA) ကိုယ်စားလှယ် အဖွဲ့ဝင်များက လက်ခံရယူကြသည်။

 

ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များက ဒေသ ဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနက ကူညီပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA) ကိုယ်စားလှယ် အဖွဲ့ဝင်များ၏ လိုအပ်ချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးမှုများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ရင်းနှီးခင်မင်စွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)