နေပြည်တော် ဇွန်  ၂၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည်  ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ညောင်တုန်းမြို့နယ် မိုးမခကျေးရွာအနီးရှိ ပန်းလှိုင်ရေထိန်းတံခါး စီမံကိန်း ရှင်းလင်းဆောင်၌ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မိုးရာသီ ရေးဘေးကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် သဘာဝဘေး ကြိုတင်ကာကွယ်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းဆိုင်ရာများ၊ ဧရာဝတီတိုင်းဒေသကြီး၏ စိုက်ပျိုးရေး ၊ မွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်မှု တိုးတက်ရေး အတွက် မျိုး၊ သွင်းအားစုနှင့် နည်းပညာ ဖြန့်ဝေခြင်းလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး၊ ပုဂ္ဂလိကကဏ္ဍ၏ ရင်းနှီးမြုပ်နှံမှု တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးကြသည်။
    
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မအူပင် မြို့နယ်ရှိ ပုဂ္ဂလိက စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ငါး၊ ပုစွန်အခြေခံ အသင့်စား တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နေမှုကိုလည်းကောင်း ကြည့်ရှုအားပေးပြီး၊ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းသုံးမြေယာများကို ဥပဒေနှင့်အညီ အသုံးပြုနိုင်ရေး၊ ပြည်ပ ပို့ကုန်များအတွက် ဈေးကွက်၏ စံချိန်စံညွှန်း သတ်မှတ်ချက်များနှင့်အညီ ဖြစ်စေရေး၊ ငါးမွေးမြူ ထုတ်လုပ်ခြင်းမှ ဘေးထွက်ပစ္စည်းများကို စိုက်ပျိုးရေးလုပ်ငန်းသုံး ငါးအမိုင်နိုထုတ်လုပ်ခြင်း နည်းပညာအသုံးပြု၍ စီးပွားဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် လိုအပ်ချက်များကို လုပ်ငန်းရှင်များနှင့် ရင်းနှီးခင်မင်စွာ ဆွေးနွေးကြသည်။
    
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဝါးတောကျေးရွာ မိုးစပါးစိုက်ကွင်းတွင် ထွန်စက်ကြီးများဖြင့် ပိုက်ဆံလျှော် သစ်စိမ်းမြေဩဇာ ထည့်သွင်းနေမှုကို ဒေသခံတောင်သူများနှင့်အတူ ကြည့်ရှုအားပေးကာ တောင်သူများ၏ လုပ်ငန်းခွင်အခြေအနေ၊ စိုက်ပျိုးထုတ်လုပ်မှုနှင့် သီးနှံအလိုက် အကျိုးအမြတ်ရရှိမှု အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တွံ့တေးမြို့နယ်ရှိ ငါးလုပ်ငန်း သိပ္ပံ (တွံ့တေး) သို့ ရောက်ရှိကြပြီး  ပြည်ထောင်စုဝန်ကြီးက ငါးလုပ်ငန်း သိပ္ပံ (တွံ့တေး) သည် ငါး၊ ပုစွန် အများဆုံး မွေးမြူထုတ်လုပ်ရာ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီး နှစ်ခုအကြားတွင် တည်ရှိနေသည့်အတွက် သတ်မှတ်အရည်အချင်း ပြည့်မီသည့် ဒေသနေလူငယ်များအနေဖြင့် ရေသတ္တဝါ မွေးမြူရေးဆိုင်ရာ ပညာရပ်များကို အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုအဖြစ် လေ့လာသင်ယူနိုင်ကြရန်နှင့် ရေသတ္တဝါ မွေးမြူရေး ကဏ္ဍဖွံ့ဖြိုးရေးအတွက် လိုအပ်လျက် ရှိနေသော အလယ်အလတ်အဆင့် ပညာရှင်များ မွေးထုတ်ပေးရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ဒီပလိုမာ (၃) နှစ် သင်တန်းဖွင့်လှစ်ရန်  စီမံဆောင်ရွက်နေသော်လည်း နောင်တွင် ကောလိပ်အဆင့်အထိ တိုးမြှင့်ဖွင့်လှစ်နိုင်ရေး မျှော်မှန်းဆောင်ရွက်ရန်လိုကြောင်း ဆွေးနွေး မှာကြားသည်။

၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်အတွင်း ရေချိုငါးမွေးမြူထုတ်လုပ်မှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးမှ ငါးပိသာချိန် (၂၂၉) သန်းကျော်၊ ဧရာဝတီတိုင်းဒေသကြီးမှ ငါးပိသာချိန် (၃၃၂) သန်းကျော်၊ ထုတ်လုပ်ခဲ့ပြီး အလေအလွင့်နှင့် တိရစ္ဆာန်အစာအဖြစ် အသုံးချနိုင်မှု (၃၀ရာခိုင်နှုန်း)၊ ပြည်ပတင်ပို့မှု (၁၀ရာခိုင်နှုန်း) ရှိပြီး (၆၀ ရာခိုင်နှုန်း)မှာ ပြည်တွင်း စားသုံးမှုအတွက် ဈေးကွက်အတွင်း ပြန့်နှံ့ ရောက်ရှိခဲ့ကြောင်း သိရသည်။   

သတင်းစဉ်